myaelatt athan

Sharing Information to the Local

လွတ်လပ်မှု၊ လုံခြုံမှုများ ဆိုးရွားစွာ ဆိတ်သုဉ်းလာသည့် မြန်မာပြည် (အယ်ဒီတာ့ အာဘော်)

0
0

မြေလတ်အသံ၊ ဇွန် ၂၂၊ ၂၀၂၄။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်ခင်းကာလကို အားလုံးမှတ်မိနေကြမည်ဖြစ်သည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်သွားပြီး သတင်းအချက်အလက် အမှောင်ကျသွားသည့်အချိန်တွင် စစ်တပ်သည် တိုင်းပြည်အာဏာကို သိမ်းလိုက်ကြသည်။

ယင်းနောက် ပြည်သူလူထုလမ်းပေါ်ထွက်ခဲ့ကြသည်။ ဆန္ဒပြလူထုသည် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခံရပြီး လမ်းပေါ်၌ ပစ်သတ်ခံရမှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ဆက်တိုက်ဆိုသလိုဖြစ်ခဲ့ကြသည်။ လူထုသည် ငြိမ်းချမ်းစွာ ဆန္ဒပြ၍ မရတော့သည့်အဆုံ တောခိုလက်နက်ကိုင်ခဲ့ကြသည်။ ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့သည်။ တနိုင်ငံလုံးနီးပါး စစ်မီးလောင်ကျွမ်းခဲ့သည်ဟုဆိုရမည်။

နောက်ဆက်တွဲအနေဖြင့် အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိသည်။ မိသားစုပေါင်းစွာ ပြိုကွဲခဲ့ရသည်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ယင်းအခြေအနေမှာ မပြီးဆုံးနိုင်သေးဘဲ ရှေ့ဆက်နေဆဲဖြစ်၏။

လူထုထောက်ခံမှုမရှိ၊ အသေအဆုံးများနေသည့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ခြင်းကြောင့် အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီးများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ညဘက်များ၌ လူနေအိမ်များသို့ ဧည့်စာရင်းစစ်သည်။ ငွေညှစ်သည်။ လူငယ်များကို အတင်းအဓမ္မဖမ်းဆီးသည်။ မိသားစု အသိုက်အမြုံများ ထပ်မံပြိုကွဲရပြန်သည်။

ယခုအခါ စစ်ကောင်စီသည် ပြည်သူများ၏ ဖုန်းများကို မထင်လျှင် မထင်သလို စစ်ဆေးသည်။ ဖုန်းထဲ၌ နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများမရှိသည့်တိုင် VPN ဆော့ဝဲရှိသည်ဟုဆိုကာ ဖုန်းသိမ်းသည်၊ ပိုက်ဆံတောင်းသည်။ မြန်မာပြည်တွင် အသုံးများသည့် ဖေ့ဘွတ်အသုံးပြုမှုကို ကန့်သတ်ပြီး သတင်းစီးဆင်းမှုကို ထိန်းချုပ်ကာ သတင်းအမှောင်ချဖို့ စစ်ကောင်စီက ကြိုးပမ်းလာသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် ပြည်သူများ၏ ဘဝမလုံခြုံမှုသည် နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာသည်။ ဖေ့ဘွတ်အသုံးပြုမှုကို ထိန်းချုပ်လာခြင်းကြောင့် ပြည်သူများအချက်အလက်ရရှိမှုနှင့် သတင်းလွတ်လပ်ခွင့်သည် ရှေ့လျှောက် ပိုမိုဆိုးရွားမည့်အလားအလာများ မြင်တွေ့နေရသည်။

စစ်ကောင်စီသည် ပြည်သူများအပေါ် မတရားမှုများ ဆိုးဆိုးရွားရွား ဆက်လက်ကျူးလွန်တော့မည်မှာ မလွဲဧကန် ဖြစ်သည်။

သို့ဖြင့်၍ ယင်းအခြေအနေများမှ လွတ်မြောက်နိုင်ရန် တခုတည်းသောနည်းလမ်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ် နိဂုံးချုပ် ဖြုတ်ချရန်သာရှိသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သွေးအေးမနေကြဘဲ အာဏာရှင်စစ်တပ်ပြုတ်ကျရေးအတွက် ကျရာတာဝန်ကနေ ဆက်လက်တိုက်ပွဲဝင်ကြရန် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနက အလေးအနက် တိုက်တွန်းအပ်ပါသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။