ပြင်ဦးလွင်ရွှေဆိုင်ဓားပြတိုက်ခံရမှု ဆိုင်လုံခြုံရေး ၁ ဦးသေဆုံးပြီး ဓားပြတိုက်သူ ၁ ဦးကို ပြည်သူကဝိုင်းဖမ်းနိုင်ခဲ့ကာ အခင်းဖြစ်ပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်

0 27
0 27

ပြင်ဦးလွင်၊ နိုဝင်ဘာ၁၂ ၊ ၂၀၂၅။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ရွှေဆိုင်ဓားပြတိုက်ခံရမှု လုံခြုံရေးဝန်ထမ်းအမျိုးသားတဦး သေဆုံးခဲ့ကာ ကျူးလွန်သူတဦးကို လက်နက်နဲ့အတူ ဖမ်းမိထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် ဒီကနေ့မနက် ၉ နာရီခန့်မှာ ပြင်ဦးလွင်မြို့လယ် နာရီစင်အနီးက အောင်စံပါယ်ရွှေဆိုင်ကို လက်နက်ကိုင်ထားသူ အမျိုးသား ၂ ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး ဓားပြတိုက်သူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဆိုင်လုံခြုံရေးဝန်ထမ်း ဦးစိန်ဝင်း ကျည်ထိမှန်သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

” ဝင်လာလာချင်း လုံခြုံရေးကို သေနတ်နဲ့ပစ်လို့ သေသွားတယ်။ ပိုင်ရှင်တွေက ဝင်လုံးပြီး ပတ်ဝန်းကျင်ကလည်းသိလိုက်လို့ တယောက်ဖမ်းမိတာ။ သေနတ်နဲ့ ၂ ယောက်တည်းလာတာ”လို့ ပြင်ဦးလွင်မြို့ခံတဦး က မြေလတ်အသံကို ပြောပါတယ်။

လူမှုကွန်ယက်မှာပြန့်နှံ့လာတဲ့ CCTV ရုပ်သံမှတ်တမ်းအရ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသူ အမျိုးသား ၂ ဦးက ရွှေဆိုင်အတွင်းမှာ သေနတ်ကိုင်ဆောင်လုယက်နေပြီး ၎င်းတို့ကို ဆိုင်တွင်းရှိ အမျိုးသမီးတဦးနဲ့ အမျိုသားတဦးက ပြန်လည်ခုခံနေတာကိုလည်း တွေ့ရပါတယ်။

ဓားပြတိုက်သူတွေကို ဆိုင်ရှင်တွေနဲ့ အနီးဝန်းကျင်မြို့ခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့လို့ ဓားပြတိုက်မှုမှာ ပါဝင်သူ အသက် ၃၀ နှစ်ရှိ အောင်မျိုးနိုင် ဆိုသူကို ပစ္စတိုသေနတ်နဲ့အတူဖမ်းမိထားပြီး ၁ ဦးမှာ ရွှေထည်တွေနဲ့ အတူလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ စစ်တပ်အများအပြားအခြေစိုက်ထားတဲ့မြို့ဖြစ်ပြီး အခင်းဖြစ်ပြီးနောက် ပြင်ဦးလွင်မြို့လယ်ခေါင်နဲ့ မြို့ပြင်နေရာတွေမှာ စစ်ကော်မရှင်တပ်က အင်အားအများအပြားချလုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ သိရပါတယ်။

” နောက်လဆို DSAကျောင်းဆင်းပွဲလည်းရှိတဲ့အချိန် သေနတ်ကိုင်ပြီး မြို့အလယ်မှာဓားပြတိုက်သွားတော့ လန့်တဲ့ပုံပဲ။ အရပ်ဝတ်တွေရော ယူနီဖောင်းဝတ်တွေရော ဖြန့်ချထားတယ်”လို့ အထက်ပါမြို့ခံက ပြောပါတ​ယ်။

ပြင်ဦးလွင်မြို့မှာ ၁၀၂၇ စစ်ဆင်ရေးအပြီး ၂၀၂၄ အတွင်း စစ်တပ်လက်အောက်ပျူစောထီးတပ်ဖွဲ့တွေ အင်အားကောင်းလာချိန်ကစတင်ကာ ပြင်ဦးလွင်မြို့ အတွင်း ရွှေဆိုင်ဓားပြတိုက်ခံရမှုတွေအပါ ဆိုင်ကယ်လုယက်မှု၊ ဓားပြတိုက်မှုတွေဆက်တိုက်ဖြစ်လာတာလို့ မြို့ခံတွေက ပြောပါတယ်။

ရုပ်သံ – စစ်တပ်ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်တွေမှာပြန့်နှံ့လာတဲ့ CCTV မှတ်တမ်း။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။