myaelatt athan

Sharing Information to the Local

တန့်ဆည်ဒေသခံတွေကို လေကြောင်းအန္တရာယ်အသိပညာပေး

မြေလတ်အသံ၊ ဇူလိုင် ၁၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ဒေသခံတွေကို လေကြောင်းအန္တရာယ်အသိပညာပေးဟောပြောပွဲလုပ်ပြီး သရုပ်ပြလေ့ကျင့်တာတွေနဲ့ တော်လှန်ရုပ်ရှင်ပြသမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဗျူဟာ – ၅၂၊ ပေါ်ဦး စစ်ကြောင်းဆီကသိရပါတယ်။

ဇူလိုင်လပထမအပတ်မှာ တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကပြည်သူတွေကို လေကြောင်းတိုက်ခိုက်ခံရချိန် အရေးပေါ်နေထိုင်နည်း၊ ဗုံးခိုကျင်းတူးနည်း၊ သရုပ်ပြလေ့ကျင့်တာတွေ၊ အကြံပြုချက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ တော်လှန်ရုပ်ရှင်ဇာတ်ကားတွေပြသတာတွေကို ပေါ်ဦးစစ်ကြောင်းနဲ့ မြို့နယ် လူသားခြင်း စာနာထောက်ထားရေးအဖွဲ့ တာဝန်ခံတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့လို့ ဆိုပါတယ်။

“ကျေးရွာအလိုက် လူဦးရေအနည်းအများတော့ကွာပါတယ်။ ၅၀၀ နဲ့ ၈၀၀ ကြားရှိပါတယ်။ မတက်ရောက်နိုင်တဲ့ ပြည်သူတွေကိုလည်း ပြန်လည်မျှဝေပေးဖို့ လက်ကမ်းစာစောင်တွေလည်းပေးပါတယ်”လို့ ဗျူဟာ -၅၂၊ ပေါ်ဦးစစ်ကြောင်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ရေးလှုပ်ရှားမှုမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်နေလို့ ပြည်သူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အသက်ဆုံးရှုံးမှုအနည်းဆုံးနဲ့ ကိုယ်တိုင်ကာကွယ်နေထိုင်တတ်ဖို့အတွက် အခုလို အသိပညာပေးဟောပြောခဲ့ရတာလို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

အထက်ပါဟောပြောသရုပ်ပြတာတွေ ကျေးရွာ အုပ်စုအလိုက် ၁ ကြိမ်၊ ကျေးရွာတရွာချင်းစီအလိုက် ၂ ကြိမ် ပြုလုပ်ပေးပြီး နောက်ထပ် အခုလိုမလုပ်ပေးရသေးတဲ့ကျေးရွာတွေကိုလည်း စစ်ရေးအေးတဲ့အချိန်တွေနဲ့ လုံခြုံရေးစိတ်ချရတဲ့အချိန်တွေမှာ ဆက်လက်လုပ်ဆောင်ဖို့ရှိသလို လက်ကမ်းစာစောင်တွေကိုလည် မြို့နယ်အတွင်းရှိ အိမ်တိုင်စေ့ မျှဝေဖို့ စီစဥ်ထားတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၁ ရက်ကလည်း စစ်ကိုင်းမြို့ နယ်၊ လင်းတလူကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ခန့် ခိုလှုံနေကြတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၂၃ ဦးသေဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။