myaelatt athan

Sharing Information to the Local

ရေဒါထိန်းချုပ်ရေးစခန်းကုန်းကနေ လက်နက်တွေယူပြီးထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦး PIA လှည့်ကင်းနဲ့တွေ့ပြီး ဖမ်းခံရ

ငဖဲ၊ ဇူလိုင် ၈၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ် ရခိုင်ရိုးမပေါ်ရှိ နတ်ရေကန်တောင်ဗျူကုန်း၊ ရေဒါထိန်းချုပ်ရေးပင်မစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို လက်နက်ခဲယမ်းတချို့နဲ့ အရှင်ဖမ်းမိထားတယ်လို့ မင်းဘူးခရိုင်အတွင်းစစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် – PIA အဖွဲ့ကနေ သိရပါတယ်။

ငဖဲ-ပဒါန်းလမ်းပိုင်းနံဘေးရှိ အဆိုပါတပ်စခန်း စစ်ကောင်စီတပ်သား ၂ ဦးဟာ လက်နက်တချို့ယူဆောင်ထွက်ပြေးလာစဥ် ဇွန် ၃၀ ရက် နေ့လယ်ပိုင်းမှာ PIA ရဲ့ ကင်းလှည့်တပ်ဖွဲ့ဝင်တွေနဲ့တွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

“ အခုလက်ရှိကတော့ သူတို့ကို စစ်ဆေးနေပါသေးတယ်။ အဲ့ဘက်မှာက ရာသီဥတုရောနယ်မြေရော ကြမ်းပါတယ်၊ တိုက်ပွဲလည်းဆက်တိုက်ပြင်းထန်နေတော့ စိတ်ပိုင်းဆိုင်ရာအရ ထွက်ပြေးလာကြတာပါ။ ၁ ယောက်ကတော့ စစ်တပ်ထဲရောက်တာ ၂ နှစ်ရှိပြီ ၁ ယောက်ကတော့ ၁ နှစ်ဘဲရှိသေးတယ်”လို့ ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထံကနေ MA-1 ၁ လက်၊ MA-3 ၁ လက်၊ ကျည်ဘောက် ၇ ခု၊ ၅.၅၆ မမ ကျည် ၂၈၀ တောင့်၊ အီနာဂါဗုံးသီး ၄ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ စစ်ဦးထုပ် ၁ လုံးနဲ့ ကျည်ကာ အင်္ကျီ ၁ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ စစ်မှုထမ်းသင်တန်းဆင်း ၁ ဦးဖြစ်ပြီး ရမည်းသင်း အမှတ် ၃ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းဆင်းတွေဖြစ်ပြီး စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံထားရသူတွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်နက်နဲ့အတူ အရှင်ဖမ်းဆီးမိခဲ့တဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို စစ်သုံ့ပန်း ဥပဒေနဲ့အညီလုံခြုံစွာထိန်းသိမ်းထားပြီး သူတို့ရဲ့ အချက်အလက်အသေးစိတ်ကိုတော့ စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်တပ်သားအဖြစ် စစ်မှုထမ်းဖို့ အဓမ္မ စုဆောင်းခံရသူတွေအနေနဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA၊ PIO တို့ကို ဆက်သွယ်ချိတ်ဆက်ပြီး ပြန်လည်ဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။