တပတ်တွင်း မန္တလေးအပါ တိုင်းနဲ့ပြည်နယ်တချို့မှာ အကြိမ် ၃၀ ကျော်လေကြောင်းတိုက်ခိုက်ခံရ

မြေလတ်အသံ၊ ဇူလိုင် ၅၊ ၂၀၂၅။

ငလျင်ဘေးသင့် မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ တပတ်တာအတွင်း စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်မှု ၃၁ ကြိမ်ပြုလုပ်ခဲ့တယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေကို အစီရင်ခံတင်ပြနေတဲ့ ညဏ်လင်းသစ်သုတေသနအဖွဲ့က ဇူလိုင် ၄ ရက်မှာထုတ်ပြန်ထားပါတယ်။

ဇွန် ၂၇ ရက်ကနေ ဇူလိုင် ၃ ရက်အထိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသရှိ မြို့နယ်နဲ့ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေး ၁ ဦးသေဆုံးပြီး ၈၅ ဦးထိခိုက်ကာ စာသင်ကျောင်း ၂ ခုနဲ့ ဘုန်းကြီးကျောင်း ၅ ခု ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မန္တလေးတိုင်း၊ စဥ့်ကူး၊ မတ္တရာ၊ တောင်သာ၊ ငါန်းဇွန်နဲ့ နွားထိုးကြီးမြို့နယ်တွေကို ဇွန် ၂၈၊ ဇူလိုင် ၃ ရက်တွေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်တွေကို ဇွန် ၂၆၊ ဇူလိုင် ၂ ရက်တွေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံးပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဘုန်းကြီးကျောင်း ၁ ကျောင်းကို ဇူလိုင် ၂ ရက်နေ့က လေကြောင်းသုံးတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ မြဝတီမြို့နယ်တွေကို ဇွန် ၂၇၊ ဇွန် ၂၉၊ ဇူလိုင် ၁ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးနဲ့ ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေကို ဇွန် ၂၉၊ ဇူလိုင် ၁ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးသေဆုံးကာ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရပြီး အရပ်သား နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကတော့ “စစ်**တွေက ငလျင်သင့်ပြီးတော့ကို အပစ်အခတ်တွေ ရပ်စဲတယ်လို့ သူတို့ပဲပြောတယ်။ ပါးစပ်ကပဲ ပြောတာ၊ တကယ်လက်တွေ့ မြေပြင်တွေမှာတော့ ဗုံးကြဲခံနေရတယ်ဗျ။ မပစ်တဲ့နေရာ မပစ်ခတ်တဲ့ အချိန်ကို မရှိသလောက်ပါဘဲဗျ။ ဒါကြောင့်လည်း ကျေးရွာနေ ပြည်သူတွေ အထူးဂရုစိုက်နေကြပါ။” လို့ ပြောပါတယ်။

အခုတပတ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေဟာ အရင်တပတ်နဲ့ နှိုင်းယှဥ်ပါက ထိခိုက်သေဆုံးမှု အရေအတွက်လျော့နည်းခဲ့ပေမယ့် ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်းဒေသတွေအပါအဝင် ဒေသ ၈ ခုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်ကျူးလွန်လျက်ရှိတာကိုလည်း တွေ့မြင်ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။