myaelatt athan

Sharing Information to the Local

သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် နဖူးကွဲဒဏ်ရာနဲ့ ယနေ့အထိတိုက်ပိတ်ခံထားရ

မြေလတ်အသံ၊ ဇူလိုင် ၁၊ ၂၀၂၅။

မန္တ‌လေး၊ အိုးဘိုထောင်ကို ပြောင်းရွှေ့ခံရချိန် ထောင်အရာရှိတဦးရဲ့ ရိုက်နှက်မှုကြောင့် နဖူးကွဲဒဏ်ရာရရှိခဲ့တဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဆေးရုံတက်ကုသခွင့်မရဘဲ ဒီ‌နေ့အထိ တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၂ ရက်နေ့က မုံရွာထောင်ကပြောင်းလာတဲ့ ကိုဝေမိုးနိုင်ကိုထောင်ဗူးဝမှာ အိုးဘိုထောင်အရာရှိက သံတုတ်နဲ့ ရိုက်နှက်ခဲ့မှုကြောင့် သတိ မေ့မျောသွားခဲ့ပြီး နဖူးကွဲဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဦးခေါင်းနဲ့ခန္ဓာကိုယ်အနှံ့မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ဆေးရုံကိုပို့ဆောင်တာမရှိဘဲ ဇူလိုင် ၁ ရက်၊ ဒီနေ့ထိ တိုက်ပိတ်ပြစ်ဒဏ်ချခံထားရတယ်လို့ ဆိုပါတယ်။

“ပေါက်ပြဲဒဏ်ရာပေါ့။ ဆိုးဆိုးဝါးဝါးဒဏ်ရာတွေကိုတော့ ချုပ်ထားရတယ်။ ဒါကိုတော့ အတည်ပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ လုံးလုံးဆေးဝါးကုသမှု မပေးဘူးဆိုတဲ့အခြေအနေမျိုးမဖြစ်ရလေအောင် အင်မတန်စိုးရိမ်ရပြီး ဦးခေါင်းပေါက်ပြဲတဲ့ ဒဏ်ရာတွေဆိုရင် ဆရာဝန်တွေ၊ ဆေးရုံတွေဘက်ကနေမှ လာရောက်ပြီးမှ ကြည့်ရှုကုသတာမျိုးပေါ့။ ကုသတဲ့နေရာမှာလည်း လာရောက်ကြည့်ရှုပြီးမှ လိုအပ်တဲ့ ဒီချုပ်ဖို့လိုအပ်တာဆိုရင် ချုပ်ဖို့ကြိုးစားတာမျိုးတော့ ဆောင်ရွက်တာရှိတယ်”လို့ PPNMမှဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် ကိုဝေမိုးနိုင်ဟာ ပါဆယ်နဲ့ထောင်ဝင်စာဧည့်တွေ့ခွင့်‌တွေကိုပါ ကန့်သတ်ထားခံထားရပြီး ခြေကျင်းခတ်ကာ သီးခြားတိုက်မှာ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတာဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ထောင်ဗူးဝမှာ ရိုက်နှက်ခံရချိန် ရိုက်နှက်သူ ထောင်အရာရှိက “မင်းလားကွာ..ဝေမိုးနိုင်၊ မင်းကိုငါတို့က စောင့်နေတာ။ မင်းလားကွာ..သပိတ်ခေါင်းဆောင်”ဆိုတဲ့စကားလုံးတွေကို ပြောပြီးဆဲဆိုကာရိုက်နှက်ခဲ့တာကြောင့် ကိုဝေမိုးနိုင်ကို ပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာကျဆင်း​​စေပြီး ဦးချိုးတဲ့သဘောမျိုးလို့ ကိုသိုက်ထွန်းဦးက သုံးသပ်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၂ ရက်မနက် ၅ နာရီကျော်မှာ မုံရွာထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၁၀၀ ခန့်နဲ့ ရာဇဝတ်မှုကြောင့် အကျဥ်းကျနေတဲ့ အကျဥ်းသား ၁၀၀ ခန့်တို့မှာ အနော က်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ သံ ပြားကာကား ၂ စီး၊ အိမ်စီးကား ၃ စီး၊ ဆယ့်နှစ်ဘီးကား ၆ စီးတို့နဲ့ အိုးဘိုထောင်ကို ပို့ဆောင်ခံလိုက်ရတာပါ။

အဲဒီအထဲက ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေကို အိုးဘိုထောင်အဝင်မှာ ထောင်ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး အများစုကို သီးခြားတိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အိုးဘိုထောင်ကနေတဆင့် နိုင်ငံရေးအကျဥ်းသား တချို့နဲ့ ရာဇဝတ်မှုကြောင့်ကျခံနေရတဲ့ အကျဥ်းသားတချို့တို့ကို ဇွန် ၁၃ ရက်နေ့မှာ မြင်းခြံထောင်နဲ့ မ‌ကွေးထောင်တွေဆီ အသီးသီးပို့ဆောင်ခံလိုက်ရတယ်လို့ သိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။