ရွှေဘို၊ ဇွန် ၂၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အတွင်းမှာ ၂၀၂၄ ဇန်နဝါရီကနေ ၂၀၂၅ ဇွန် ၂၈ ရက်အတွင်း မြွေကိုက်ခံရသူ ၉၇ ဦးရှိပြီး အဲ့ဒီထဲက ၃ ဦးသေဆုံးထားတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။
မြွေကိုက်ခံရသူတွေက စစ်ဘေးရှောင်ပြည်သူတွေဖြစ်ကြပြီး တိုက်ပွဲနဲ့ စစ်ကြောင်းထိုးလာတာတွေကြောင့် တောတောင်ထဲနဲ့ လယ်တောတွေမှာ နေထိုင်ကြချိန်မှာ ကိုက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီဘက်နယ်မြေတွေမှာက အများစုက စစ်ရှောင်ရတာ။ မြို့ရွာမှာနေရတာမဟုတ်ဘဲ ကိုယ့်လယ်ယာ နီးစပ်ရာတောတွေထဲမှာ စစ်ရှောင်ရတာဆိုတော့ ချုံပုတ်တွေပေါတယ်။ လယ်ယာတွေထဲ တဲထိုးပြီး နေရာတာဆိုတော့ အနီးနားချုံပုတ်တွေကနေ အကောင်တွေထွက်တယ်။ အဲလိုတွေကနေ စစ်ရှောင်တွေ ကိုက်ခံရတာ။”လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဒေသခံတွေ ကိုက်ခံရတဲ့ မြွေအများစုက မြွေပွေး၊ မြွေဟောက်အမျိုးအစားမြွေတွေဖြစ်ပြီး သေဆုံးသွားသူ ၃ ဦးက မြွေပွေးကိုက်ခံရလို့ သေဆုံးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
မြွေကိုက်ခံရသူတွေဟာ ဝက်လက်မြို့နယ်မှာ ၂၄ ဦး၊ ဒီပဲယင်းမြို့နယ်မှာ ၃၅ ဦး၊ ရွှေဘိုမြို့နယ်မှာ ၃၈ ဦး စုစုပေါင်း ၉၇ ဦးရှိပြီး အဲ့ဒီထဲကမှ ဝက်လက်မြို့နယ်က ၂ ဦးနဲ့ ဒီပဲယင်းမြို့နယ်က ၁ ဦးတို့သေဆုံးခဲ့တာ လို့ သိရပါတယ်။
မြွေကိုက်ခံရသူတွေကို မြွေဆိပ်ဖြေဆေးထိုးပေးနိုင်ဖို့ သက်ဆိုင်ရာဒေသအလိုက်က S&C အဖွဲ့ဝင်တွေ ဆီ ဆေးတွေဖြန့်ဝေပေးထားပြီး မြွေကိုက်ခံရပါက သက်ဆိုင်ရာအဖွဲ့ရုံးတွေဆီ အကြောင်းကြားလာရင် ကုသပေးနိုင်တဲ့အခြေနေရှိပါက ချက်ချင်းကုသပေးပြီး ကုသပေးနိုင်တာမရှိပါက အရေးပေါ်ကုသနည်းတွေနဲ့ ပြုစုပြီး သက်ဆိုင်ရာဆေးရုံဆေးခန်းတွေကို လွှဲပြောင်းပေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ဆေးဝါးပစ္စည်းသယ်ယူမှု စစ်ကောင်စီဘက်က ကန့်သတ်ထားတာကြောင့် မြွေဆိပ်ဖြေဆေးတွေ ဝယ်ယူသယ်ဆောင်ဖို့ အခက်ခဲပေါင်းများစွာကို ကျော်ဖြတ်သယ်ဆောင်ရလို့ အဖွဲ့တွေမှာ မြွေဆိပ်ဖြေဆေးလုံလောက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။
“ဆေးဝါးသယ်ယူကန့်သတ်ခံရတာချင်းတူတူတောင် မြွေဆိပ်ဖြေဆေးသယ်ယူတာကို ပိုပြီးကန့်သတ်ထားတယ်။ ဥပဒေအရဆိုရင်တောင် မြွေဆိပ်ဖြေဆေးသယ်ယူတာက အိုင်ကွန်တွေ လက်နက်တွေသယ်ယူတာနဲ့ တူတူပဲပေါ့နော် ပြစ်မှုက။ နယ်မြေမှာရှိတဲ့ ပြည်သူလူထုရဲ့ အသက်အန္တရာယ်စိုးရိမ်တာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်အန္တရာယ်အများခံပြီး သယ်ယူပို့ဆောင်နေရတယ်”လို့ တာဝန်ခံက ဆက်ပြောပါတယ်။
မြွေကိုက်ခံရပါက လူနာ ၁ ဦးကို ကိုက်ခံရတဲ့ မြွေအမျိုးအစား၊ ကိုက်ခံရတဲ့ ဒဏ်ရာအပေါ်မူတည်ပြီး ဆေး ၈ လုံးမှ ၆၀ ကျော်ထိထိုးပေးရတယ်လို့ ဆိုပါတယ်။
မြွေဆိပ်ဖြေဆေးထိုးပြီးတဲ့ လူနာတွေထဲမှာ လူကောင်းပကတိပြန်ဖြစ်လာသူတွေရှိသလို ဆေးထိုးရတဲ့အပေါ်မူတည်ပြီး နောက်ဆက်တွဲပြသနာအနေနဲ့ ကျောက်ကပ်ရောဂါဝေဒနာလိုမျိုး ခံစားရသူတွေရှိလာတယ်လို့ သိရပါတယ်။
ဒ့ါအပြင်စစ်ရှောင်ပြည်သူတွေ မြွေကိုက်မခံရအောင် နေထိုင်သွားလာနည်း၊ မြွေကိုက်ခံရပြီးပါက နေထိုင်စားသောက်နည်းတွေကို သိရှိအောင် ပညာပေးဟောပြောတာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာကို အလျဉ်းသင့်သလို ပြုလုပ်ပေးနေတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
စာတည်း – လင်း