ညောင်ဦးမြို့နယ် ကျေးရွာ ၁၀ ရွာမှာအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

0 8
0 8

ညောင်ဦး၊ ဇွန် ၂၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ကျေးရွာ ၁၀ ရွာက ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကိုအခမဲ့‌ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ဆေးဝါးလိုအပ်ချက် တွေရှိတယ်လို့ People’s Democratic Army-(PDA)အဖွဲ့ဆီက သိရပါတယ်။

ညောင်ဦးမြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ကျေးရွာတွေက ပြည်သူတွေနဲ့ လတ်တလော စစ်ကြောင်းတွေကြောင့် စစ်ရှောင်နေရတဲ့ပြည်သူတွေကို ဇွန် ၁၁ ရက်ကနေ ၂၇ ရက်အထိ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တာလို့ သိရပါတယ်။

“၂၅၊‌‌ ၂၆ရက် နေ့လောက်က စစ်ကြောင်းထိုးနေတော့ တချို့ရွာတွေက စစ်ရှောင်ကြရတာပေါ့ဗျာ။ စစ်ရှောင်နေတုန်းလည်း ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်”လို့ People’s Democratic Army-PDA တာဝန်ခံ ရဲဘော်အုပ်စိုးက ပြောပါတယ်။

ယခင်ကတည်းက ဒီကျေးရွာ ၁၀ ရွာမှာ ရွေ့လျားဆေးခန်း( Mobile Clinic)အဖြစ် ကျန်းမာရေးကုသပေးနေတာဖြစ်ပြီး လက်ရှိစစ်ကြောင်း‌ကြောင့် စစ်ရှောင်ပြည်သူတွေထဲက သက်ကြီးရွယ်အိုတွေ ထိတ်လန့်မှုတွေဖြစ်တာကြောင့် စစ်ရှောင်ပြည်သူတွေအထိ လိုက်လံ ကုသပေးနေတယ်လို့ ဆိုပါတယ်။

အဲဒီဒေသက ဒေသခံပြည်သူ လူကြီးပိုင်းတွေမှာ သွေးတိုး၊ ဆီးချိုနဲ့ခါးနာဝေဒနာတွေအဖြစ်များပြီး မိုးရာသီဖြစ်နေတာမို့ ကလေးငယ်တွေက ယားနာဖြစ်ပွားမှုများတယ်လို့ သိရပါတယ်။

ဒီ‌‌ကျန်းမာရေး စောင့်ရှောက်မှုပေးတာကို PDAတပ်ဖွဲ့က CDM ဆရာ၊ ဆရာမတွေ ကိုယ်တိုင် ဦးဆောင်ပြီးတော့ အခြေခံကျန်းမာရေးသင်တန်းဆင်းထားတဲ့ ဆရာ၊ ဆရာမတွေနဲ့ စုပေါင်းပြီးတော့ ဆေးဝါးကုသမှုတွေပေးကြတာဖြစ်တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ဒေသခံပြည်သူတွေကို အခမဲ့ ဆေးကုသပေးနေတာဖြစ်ပြီး ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။

“ဆေးဝါးလိုအပ်ချက်က ရှိနေတာပေါ့။ တချို့ရွာတွေဆို ကျနော်တို့ ကုနေရင်းတန်းလန်းနဲ့ သောက်ဆေးပေးဖို့ ပြတ်လပ်သွားတာမျိုးရှိတယ်။ ဆေးဝါးအခက်အခဲကရှိတာပေါ့။ ကျနော်တို့ သိုသိုသိပ်သိပ် ဝယ်ရတာ”လို့ တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ညောင်ဦးမြို့နယ်အတွင်းကို စစ်ကောင်စီရဲ့စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသခံတွေလည်း စစ်ဘေးရှောင်ခဲ့ရပြီး ဇွန် ၂၇ ရက်ဒီနေ့မနက်ပိုင်းကတော့ ငါ့သရောက်မြို့နယ်ကလာတဲ့ စစ်ကြောင်းကရဲစခန်းထဲကို ပြန်ဝင်သွားပြီလို့သိရပါတယ်။

သတင်း – ဒိန်းဂျား

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။