myaelatt athan

Sharing Information to the Local

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ဗုံးကြဲခံရလို့ ကလေးအပါ ၂ ဦးထိခိုက်ပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ် ၅ လုံးပျက်စီး

0 12
0 12

မိုးကုတ်၊ ဇွန် ၂၇၊ ၂၀၂၅။

တအာင်းလွတ်မြောက်ရေးတပ်မတော်-TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇွန် ၂၅ ရက် ည ၁၁ နာရီအချိန်လောက်မှာ မိုးကုတ်မြို့အရှေ့ခြမ်းက အုန်းကိုင်းကွက်သစ်ကိုဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုရှိတဲ့အပြင် ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၅ လုံးပျက်စီးခဲ့တာလို့ သိရပါတယ်။

“မနေ့ (ဇွန်၂၅) ညပိုင်းက လေယာဉ်တွေတောက် လျှောက်ဝဲတယ်။ ၁ လုံးကမိုးကုတ်ကိုချပြီး ၁ လုံးကသပိတ်ကျင်းကို ချသွားတာ။ တညလုံးဗုံးခိုကျင်းထဲမှာပဲနေရတာ”လို့ ဒေသခံတဦး ကပြောပါတယ်။

တိုက်ပွဲမဖြစ်ဘဲ TNLA တပ်မဟာ ၄ နယ်မြေ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာကာ နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်ပျက်စီးခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

အလားတူ ဇွန် ၂၅ ညနေပိုင်းကလည်း စစ်ကောင်စီတပ်က ကျောက်မဲမြို့အတွင်း ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ကြဲချတာကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအ၀င် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄၉ အိမ်နဲ့ စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စဉ့်ကူး၊ မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တွေကို နေ့စဉ်နီးပါးဗုံးကြဲနေပြီး ဇွန် ၂၃ ရက်မနက် ၉ နာရီ ၁၀ မိနစ်ခန့်မှာလည်း စစ်ကောင်စီတပ်တိုက်လေယာဉ် ၁ စီးက မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာအတွင်း ဗုံး ၁ လုံးကြဲချခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းအနောက်ဘက် တဲအိမ်တွေအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာခံအမျိုးသမီး ၁ဦးသေဆုံးခဲ့ပါသေးတယ်။

ဓါတ်ပုံ – Yoon Lay Facebook.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။