myaelatt athan

Sharing Information to the Local

မကွေးလေတပ် ရှော့ဒိုက်ဒုံးနဲ့ပစ်ခံရလို့ မြို့ပေါ်က စစ်တပ်မိသားစုဝင်တွေပါမကျန် ညလုံးပေါက် ကင်းထိုင်စောင့်ခိုင်းထား

0 3
0 3

မကွေး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် စစ်ကောင်စီတပ် မကွေးလေတပ်စခန်းဌာနချုပ် (ကလခ) ဒီကနေ့ မနက်အစော ၁ နာရီကျော်လောက်မှာ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မကွေး-ကံပြားလမ်းပေါ်မှာရှိတဲ့ အဲ့ဒီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေတပ်ဝန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

”ညသန်းခေါင် ၁ နာရီကျော်လောက်ကြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခံရတာ။ လေတပ်ဝန်းထဲကို ၂ လုံး ကျတယ်။ စစ်မှုထမ်းဟောင်း အိမ်ရာဘက်ကို ၁ လုံးကျတယ်။ ရှေ့ဆင့်နောက်ဆင့်ဘဲ ဆက်တိုက်တွေကွဲတာ အသံတွေ အကျယ်ကြီးဘဲ ကြားရတယ်။ ထိခိုက်ပျက်စီးတာတော့ မသိဘူး” လို့ အမည်မဖော်လိုသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီလို လေတပ်ဝန်းထဲကို ရှော့တိုက်ဒုံးတွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လေတပ်အနီးတဝိုက်ရှိ စစ်ကောင်စီတပ် အားလုံးနီးပါးက စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေ အကုန်လုံး ညလုံးပေါက် ကင်းထိုင်စောင့်ခဲ့ရတယ်လို့ သူက ဆက်လက်ပြောပါတယ်။

“ညက အဲ့တာတွေလည်း ထကွဲပြီးရော အဲ့လေတပ်နားက ၃၀၁၊ ၃၁၇၊ စုဆောင်းရေး၊ မဆရ ၁၀၊ သံချပ်ကာ အဲ့နားတဝိုက်တပ်တွေ အကုန်လုံး အကုန်ပွက်လောတွေရိုက်ပြီးတော့ စစ်သားတွေရော သူတို့မိသားစုတွေရော အကုန်လုံးကို တပ်နယ်က ညလုံးပေါက် ကင်း‌ထိုင်စောင့်ခိုင်းတာ။ တပ်နယ်ကလည်း လေတပ်က ကိုင်တာလေ အကုန်မိုးလင်းမှ အိပ်ရတယ်” လို့ သူက ဆက်ပြောပါတယ်။

လေတပ်ဝန်းထဲ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်ပျက်ဆီးမှုအခြေအနေတွေကို မသိရသေးဘဲ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်ဟာ ရှော့တိုက်ဒုံးတွေနဲ့ မကြာခဏဆိုသလိုတိုက်ခိုက်ခံနေရပြီး ပြီးခဲ့တဲ့လပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရမှုမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ တိုက်လေယာဉ်တချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။