ညီအစ်မ ၂ ဦး မြေပဲသိမ်းနေချိန် တိုက်မိုင်းထိလို့ တဦး ခြေထောက်ဖြတ်ရ

0 6
0 6

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သာစည်ကျေးရွာက အမျိုးသမီး ၂ ဦး ဖေဖော်ဝါရီ ၉ ရက် မနက် ၇ နာရီမှာ လယ်ပြင်ထဲ မြေပဲသိမ်းနေချိန် တိုက်မိုင်းထိမိခဲ့တာကြောင့် တဦးမှာ ခြေထောက်တဖက် ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ ၂ ဦးမှာ မခိုင်မာဝင်း ၁၉ နှစ်နဲ့ မခိုင်မာလင်း ၁၆ နှစ်တို့ဖြစ်ပြီး မခိုင်မာလင်းက ဝမ်းဗိုက်ကိုပဲ မိုင်းစထိခဲ့ပေမယ့် မခိုင်မာဝင်းကတော့ ညာဖက် ခြေထောက် ခြေကျင်းဝတ်ကနေ ဖြတ်လိုက်ရတယ်လို့ Pale Joker PDF မှ တာဝန်ရှိသူက ပြောပါတယ်။

“မိုင်းကို အကြီးဖြစ်သူက နင်းမိတာ။ အတူတူ သီးနှံကောက်နေကြတာဆိုတော့ နှစ်ယောက်လုံးကို ထိသွားတာ။ မိုင်းကတော့ စကစတွေ ထောင်ထားတဲ့ မိုင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ လယ်ပြင်က ကန့်ဒေါင့်ရဲစခန်းနဲ့ ၂ ဖာလုံလောက်ပဲ ဝေးတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ သူတို့ ညီအစ်မ၂ ဦးကို မြိုင်မြို့နယ်ဘက်က တော်လှန်ရေးဆေးရုံတရုံမှာ အချိန်မီ ဆေးကုသမှု ခံယူခဲ့ရတာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။

သာစည်ကျေးရွာနဲ့ ၃ ဖာလုံခန့်သာဝေးတဲ့ ကန့်ဒေါင့်ကျေးရွာမှာ ရဲစခန်းရှိပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲအထိုင်ချထားတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။