စစ်ကောင်စီနဲ့ပတ်သက်သူတွေဆီက ဘိလပ်မြေနဲ့စားဆီပုံးတွေကို PDF သိမ်းဆည်း

သိမ်းဆည်းပစ္စည်းတွေကို ပြည်သူအတွက်ပြန်အသုံးပြုမယ်လို့ဆို

ရေစကြို၊ ဇွန် ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်၊ ပျူစောထီးတွေနဲ့ ပတ်သက်သူတွေဆီကနေ ဘိလပ်မြေတွေနဲ့စားဆီပုံးတွေကို သိမ်းဆည်းခဲ့ပြီး သိမ်းရတဲ့ပစ္စည်းတွေကို ပြည်သူတွေအတွက် ပြန်အသုံးပြုသွားမယ်လို့ Southern YSO PDF တာဝန်ခံဆီက သိရပါတယ်။

ဇွန် ၂၃ ရက်ညနေ ၃ နာရီခန့်မှာ ပခုက္ကူဘက်ကနေ ရေစကြိုဘက်ကို မောင်းလာတဲ့ ဆင်ချောင်း ပျူစောထီးခေါင်းဆောင် ပိုလင်းထင်ပိုင်တဲ့ ဘိလပ်မြေအိတ်၊ သံချောင်းတွေနဲ့ကားကို သိမ်းယူခဲ့သလို ရေစကြိုစုပေါင်းရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသုံးမယ့်စားအုန်းဆီပုံးတွေကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

“ဘိလပ်မြေတွေကိုတော့ လူထုအကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ လမ်းတံတားတွေမှာသုံးသွားမယ်။ ဆီတွေကတော့ တချို့တဝက်ကို စစ်ရှောင်ပြည်သူတွေအတွက် သုံးစွဲသွားမယ်။ တချို့တဝက်ကိုတော့ တပ်ဖွဲ့ရံပုံငွေအတွက် တည်ထောင်သွားမယ်”လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

ဘိလပ်မြေသယ်လာတဲ့ကားနဲ့ စားသုံးဆီပုံးတွေ သယ်လာတဲ့ကားကို တဆက်တည်းဖမ်းမိတာဖြစ်ပြီး ကားပေါ်ပါသူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဘိလပ်မြေအိတ် ၂၅၀၊ သံချောင်းမျိုးစုံ ၇၀၊ သုံးမတ်ကွိုင် ၈၀ ပိဿာ၊ ၁၀ ပေ ကား ၁ စီး၊ စားဆီပုံး ၁၀၀ တို့ကို သိမ်းဆည်းကာ ဆီသည်ကားကိုတော့ လိုင်းကားဖြစ်တာကြောင့် မသိမ်းဆည်းခဲ့ဘူးလို့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

သိမ်းဆည်းရမိစာရွက်စာတမ်းတွေထဲမှာတော့ ဘိလပ်မြေနဲ့သံတွေက ဆင်ချောင်းရွာ ရွာဦးစေတီက ငလျင်ကြောင့် ပြိုကျပျက်စီးသွားလို့ ပြန်လည်ပြင်ဆင်ဖို့အတွက်ဆိုပြီး ဖော်ပြရေးသားထားသလို ဆီပုံးတွေကလည်း ရေစကြိုမြို့ရှိ ရွှေနန်းတော် ပဲကြော်ဖို ပိုင်ရှင် ဦးဝင်းချိုပိုင်ပစ္စည်းတွေလို့ ဖော်ပြထားပေမယ့် ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် အသုံးပြုဖို့ပစ္စည်းတွေဆိုတာကို သတင်းရတာကြောင့် သိမ်းဆည်းထားရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကလည်း ပခုက္ကူ-ရေစကြိုလမ်းပိုင်းတနေရာမှာ ရေစကြိုစုပေါင်းရုံး အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ခွဲတမ်းရထားတဲ့ ဆီပိဿာချိန် ၅၅၀၀ပါ ဆီပေပါ အလုံး ၅၀နဲ့ဆီသယ်ဆောင်လာတဲ့ ကားကိုလည်း သိမ်းဆည်းခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။