ရွေကျင်၊ ဇွန် ၂၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ရွာအခြေစိုက် ခမရ ၅၉၈ တပ် အနီးကကျေးရွာတွေမှာ ရွာခံတွေပြန်နေထိုင်ဖို့ခွင့်မပြုတာကြောင့် စစ်ရှောင် ၂,၀၀၀ ကျော်နေရပ်မပြန်ရသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ခမရ ၅၉၈ တိုက်ပွဲပြီးဆုံးတာ ရက်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်ပြီး တပ်ရင်းအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်တပ်စွဲနေထိုင်ထားကြပေမယ့် အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ညောင်ခြေထောက်၊ ရှမ်းစု၊ ကလောမြောင်၊ ကွမ်းဆိပ်စတဲ့ရွာတွေက ဒေသခံတွေပြန်လည်နေထိုင်တာကို ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
” အချို့က စစ်ရှောင်နေရာကနေ စက်လှေနဲ့ရွာပြန်တာကို မပေးဝင်ဘူး ပြန်လာရတယ်။ တပ်က ပြန်ထိုင်ပြီး မွမ်းမံနေတယ်။ ဘာကြောင့်ပြန်ပေးမဝင်တာလည်းဆိုတာတော့မသိရဘူး။ ရွာကလူတွေက တပ်ကိုသွားတောင်းဆိုတယ်။ တောင်းဆိုတဲ့အခါကျတော့ ပေးမဝင်သေးဘူးတဲ့။ တကယ်လို့ဝင်လို့ရရင် ပြန်အကြောင်းကြားပေးမယ်ဆိုပြီး နှစ်သိမ့်ပြီးပြန်လွှတ်လိုက်တယ်။ သူ့သဘောနဲ့သူပြန်ဝင်တဲ့သူတွေကျတော့လည်း ပေးမဝင်ဘူး”လို့ ဒေသခံစစ်ရှောင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ခမရ ၅၉၈ တပ်ဖွဲ့ဝင်တွေက နယ်မြေလှည့်ကင်းထွက်ချိန် ကျေးရွာတွေထဲမှာ ပြန်နေထိုင်တဲ့သူတွေတွေ့ ရှိရင် နေအိမ်တွေက ပြန်မောင်းထုတ်တာတွေလုပ်ဆောင်တယ်လို့ သူကဆက်ပြောပါတယ်။
ကျေးရွာတွေမှာ ပြန်လည်နေထိုင်ခွင့်မရတာကြောင့် ဇွန် ၂၄ ရက် ဒီကနေ့အထိ စစ်ရှောင်တွေဟာ မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ သိမ်ဇရပ်မြို့ပေါ် ရပ်ကွက်တွေ၊ အနီးအနားကျေးရွာတွေက ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာခိုလှုံနေကြသလို အများစုမှာအိမ်းငှားရမ်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။

KNLAနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေလဆန်းကစတင်ကာ ညောင်ခြေထောက်နဲ့ ကွမ်းဆိပ်ရွာရှိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ခမရ ၅၉၈ ကိုတိုက်ခိုက်ပြီး မေ ၈ ရက်မှာ တပ်ရင်းကိုသိမ်းပိုက်နိုင်ခဲ့ကာ မေ ၁၁ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ခမရ ၅၉၈ တပ်ကို ပြန်လည်ရယူနိုင်ခဲ့ပြီးနောက် တပ်ပြင်ဆင်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်နေကြပါတယ်။
မေ ၈ ရက် ခမရ ၅၉၈ တပ်ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲမှာ KNLA ပူးပေါင်းတပ်တွေဘက်က ၁၀ ဦးထက်မနည်း၊ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး သုံ့ပန်း ၁၃ ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေ ၁၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေကြောင့် ရွှေကျင်မြို့နယ်ထဲက ကွင်းဆိပ်၊ ညောင်ခြေထောက်၊ ဒုံစရစ်၊ စလူချောင်း၊ ကလောမြောင်၊ ရှမ်းစု၊ ဥတိုကျေးရွာတွေက လူ ၄,၀၀၀ ထက်မနည်းထွက်ပြေးနေရသလို ဝေါမြို့နယ်ထဲက သူရဲသမိန်၊ စက်စု၊ ဆင်ရွာ၊ လက်ပံ၊ ဂျိုးလေးကျေးရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော်နဲ့ ကျိုက်ထိုမြို့နယ်ထဲက ခရွဲ၊ သုံးခွ၊ ရေကျော်ကြီး၊ ရေကျော်လေးအပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံ ၃,၀၀၀ ဝန်းကျင်ဟာလည်း ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ