myaelatt athan

Sharing Information to the Local

နေပြည်တော် စရဖ စစ်ရုံးချုပ်က အမျိုးသမီး တပ်ကြပ်ကြီးစာရေး ၂ ဦး ထွက်ပြေးနေ၊ တွေ့တဲ့နေရာ ပစ်သတ်ဖို့ ညွှန်ကြားထားလို့သိရ

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၃။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စစ်ကောင်စီတပ် စစ်ရုံးချုပ်အတွင်းက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အရာရှိချုပ်ရုံး(စရခ)မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ကြပ်ကြီး/စာရေး ၂ ဦး အခုလ ဖေဖော်ဝါရီလဆန်းပိုင်းက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ တပ်ကြပ်ကြီး/ စာရေးအမျိုးသမီး ၂ ဦးဟာ စစ်ကောင်စီတပ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အရာရှိချုပ်ရုံး(စရခ )ရုံးရဲ့ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေ ထိန်းသိမ်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်သူတွေဖြစ်ပြီး သူတို့နောက်ကို စစ်ကောင်စီတပ်ရဲ့ အရေးကြီးအချက်အလက်တွေ ပါသွားတယ်လို့ ယူဆပြီး စစ်ခေါင်းဆောင်တွေက တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ နိုင်ငံအနှံ့ တပ်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

“၁ လပိုင်း လစာထုတ်ပြီး နောက်ရက်မှာ ပြေးသွားတာ၊ အစောပိုင်းမှာ သူတိုကိုလိုက်ပြီး ဆက်သွယ်ပြန်ခေါ်သေးတယ်။ ဘယ်လိုမှ ရှာမရတော့ ခွင့်မဲ့ကြေငြာပြီး တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ထိ ညွှန်ကြားထားတယ်လို့ သိရတယ်။ သူတို့ (တပ်ကြပ်ကြီး/စာရေးမ ၂ ဦး)က စရခရုံး ရဲ့ အရေးကြီးထိပ်တန်းလျှို့ဝှက်တွေ ထိန်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အရေးကြီး အချက်အလက်တွေ ပါသွားနိုင်တယ်ဆိုပြီး အဲ့ဒီလို အမိန့်ပေးထားတာလို့ သိရတယ်။ သူတို့နောက်ကို အဲ့ဒီဒေတာတွေ ပါ၊မပါဆိုတာ ဘယ်သူမှမသိဘူး။ စစ်ခေါင်းဆောင်တွေက ထင်မြင်ယူဆချက်တွေနဲ့ သတ်ခိုင်းနေတာ” လို့ နေပြည်တော်စစ်ကောင်စီတပ် စစ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ တပ်ကြပ်ကြီး/စာရေးအမျိုးသမီး ၂ ဦးဟာ အမျိုးသမီး ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်း အမှတ်စဉ် ၃ ဆင်း တပ်ကြပ်ကြီးတွေ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ နေပြည်တော်စစ်ရုံးအတွင်း လုံခြုံရေးပိုမိုတင်းကြပ်ထားပြီး စစ်ရုံးအတွင်းမှာရှိနေတဲ့ တပ်ကြပ်ကြီး/စာရေးအမျိုးသမီးတွေထားရှိတဲ့ အပျိုဆောင်ကိုလည်း မကြာခဏ လူစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အရာရှိချုပ်ရုံး (စရခ)ဟာ စစ်ကောင်စီတပ်တခုလုံးရဲ့ နိုင်ငံအနှံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်အားလုံးကို ကွပ်ကဲနေတဲ့ ရုံးဖြစ်ပြီး စရဖတပ်တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းနဲ့ လှုပ်ရှားမှုကို အသွင်အမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ကာ လက်ရှိစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ အရာရှိချုပ်ဟာ စစ်ကောင်စီတွဲဖက် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။