ငါန်းဇွန်၊ ဇွန် ၂၂၊ ၂၀၂၄။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာရဲစခန်းကနေ ကောင်းစဉ်ရွာဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီက သိရပါတယ်။
ဇွန် ၂၀ ရက်မနက် ၈ နာရီလောက်မှာ ကောင်းစဉ်ရွာဘက်ကနေဈေးဝယ်ပြန်လာတဲ့ အင်အား ၂၀ ခန့်ပါစစ်ကောင်စီရဲ့ခြေလျင်စစ်ကြောင်းကို စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကြီးစခန်းကစနဲ့ ရတွေက မကြာခဏ စျေးဝယ်ထွက်တဲ့ သတင်းကိုသိတယ်။ သိတဲ့အချိန်မှာ (ဇွန်) ၁၉ ရက်နေ့က ကင်းပုန်းဝပ်ပြီး ၂၀ ရက်နေ့အပြန်မှာ ပစ်ခတ်နိုင်ခဲ့တယ်”လို့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ကာကွယ်ရေးတပ်တွေဘက်က စနိုက်ပါ ၃ လက်နဲ့ပစ်ခတ်ခဲ့ပြီး သေဆုံးသူ ၃ ဦးရှိခဲ့တယ်ဆိုတာကိုလည်း မျက်မြင်အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့စနိုက်ပါ ၃ လက်နဲ့ပစ်တယ်။ အဲ့အချိန်မှာ ထိထိမိမိစကုတ်ထဲမှာလည်း မြင်ရတယ်။ စနိုက်ပါနဲ့ပစ်တော့ သေဆုံးတာမြင်ရတယ်။ အပြန်အလှန်ပစ်ခတ်မှုက ၁၀ မိနစ် ၁၅ မိနစ်လောက် ဖြစ်တယ်။ အဲ့အချိန်မှာကျနော်တို့က ၄၀ မမနဲ့ ပစ်ပြီးတော့ ခွာစစ်ဆင်ခဲ့တယ်” လို့ ဆိုပါတယ်။
မင်းနေကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲအင်အား ၅၀ ခန့်ရှိပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက အထိုင်ချတပ်စွဲထားတာလို့ သိရပါတယ်။
စာတည်း – လင်း