myaelatt athan

Sharing Information to the Local

ယင်းမာပင်နဲ့ စလင်းမှာစစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရ

ဒိန်းဂျားဟယ်သာ

မြေလတ်အသံ၊ ဇွန် ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ဘက်ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၉ ရက်မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်က ရဲတပ်ရင်း ၂၈ နဲ့ မုံရွာ နမခမှ စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၅၀ ဝန်းကျင်ကို ရဲတပ်ရင်း ၂၈ အနီး ပုသိမ်-မုံရွာလမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သေဆုံးတာကတော့ သူတို့အလောင်းတွေသယ်သွားတာကို အနီးနားက ဒေသခံတွေ မြင်ရတာပေါ့နော်။ ခရီးသွားကားအချို့ကို တားထားပြီးမှ အလောင်းတွေသယ်သွားတာ ချက်ချင်းသယ်သွားကြတာပါ။ သယ်ပြီးမှ လမ်းပြန်ဖွင့်တာပေါ့နော်၊ စစ်ကြောင်းက နမခကို ပြန်ခေါက်သွားပါပြီ”လို့ယင်းမာပင်ခရိုင်ပကဖအဖွဲ့ တာဝန်ရှိသူတဦးကဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ကျေးစာကျရွာ၊ ဂုဏ်တောရွာနဲ့ ဒုန်းတောရွာအနီးမှာ ကြေးနီသယ်ကားတွေအတွက် လမ်းရှင်းပေးဖို့လာတာဖြစ်နိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

ဒီတိုက်ခိုက်မှုကို တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဲမှောင်ပြောက်ကျားတပ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ စလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ မီးသတ်ရုံး၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးရုံး၊ ထွေအုပ်ရုံးနဲ့ စည်ပင်ရုံးတို့ကိုလည်း ဇွန် ၁၈ နဲ့ ၁၉ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်မြို့ပြ UG ကျားပေါက်အဖွဲ့ဆီက သိရပါတယ်။

ဇွန် ၁၈ ရက် ည ၈ နာရီမှာ မီးသတ်ရုံး၊ ၈ နာရီ ၁၅ မိနစ်မှာ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးရုံး၊ ဇွန် ၁၉ ရက်မနက်အစောပိုင်း ၁၂ နာရီ ၄၀ မိနစ်မှာ ထွေအုပ်ရုံး၊ မနက် ၃ နာရီ ၄၀ မိနစ်မှာ စည်ပင်ရုံးတို့ကို အပြင်းစားမိုင်း ၁ လုံးစီသုံးပြီး အဝေးထိန်းစနစ်နဲ့ဆွဲခဲ့တာလို့ ဆိုပါတယ်။

“မိုင်းဆွဲခဲ့ရတဲ့အကြောင်းကတော့ သူတို့က စစ်ကောင်စီဒေါက်တိုင်လည်းဖြစ်ပြီး ပံ့ပိုးတာတွေလည်းလုပ်တယ်၊ အလိုတူ အလိုပါတွဲပြီး လုပ်နေတာတွေရှိတာမလို့ မတွဲအောင်လို့ မိုင်းခွဲတာ၊ နောက်နောင် ဒါ့ထက်ဆိုးလာရင်လည်း ဒီထက်ပြင်းထန်တဲ့ဟာတွေ လုပ်သွားမယ်၊’ လို့ စလင်းမြို့နယ် မြို့ပြ UG ကျားပေါက်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း အဆောက်အဦတွေထိခိုက်မှုရှိပြီး အတိအကျတော့မသိရဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို စလင်းမြို့နယ် မြို့ပြ UG ကျားပေါက်အဖွဲ့၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF) ဗမာ့တပ်တော် (BAMAR ARMY) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ဇွန် ၁၈ ရက်ကစလို့ စလင်းမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညတိုင်းနီးပါး သေနက်တွေပစ်ဖောက်ပြီး သံပြားကာကားတွေနဲ့ ကင်းပတ်တာတွေလုပ်နေတယ်လို့ အထက်ပါခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက်ကလည်း စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ စလင်းမြို့အထွက်ဆိုင်းဘုတ်အနီး စစ်ကောင်စီ ကင်းပုန်းတို့ကို စလင်းမြို့နယ် မြို့ပြ UG ကျားပေါက်အဖွဲ့က အဝေးထိန်းစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။