ခြုံခိုတိုက်ခိုက်ခံရမှာစိုးလို့ ခြုံတွေမီးရှို့တဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးသေဟုဆို

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ PDF တွေ ခြုံခိုတိုက်ခိုက်မှာကိုကြောက်လို့ သစ်ပင်၊ ခြုံနွယ်တောတွေကိုမီးရှို့တဲ့စစ်အုပ်စု ဇန်နဝါရီ ၂၅ ရက်နေ့မနက်ပိုင်းမှာ တိုက်ခိုက်ခံရတာကြောင့် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်အုပ်စုမှာ အင်အား ၃၀ ခန့်နဲ့ အင်းပတ်ကွေ့စျေးတန်း၊ ရွာသစ်ကုန်း(ပျူ)ရွာ တို့မှာ အထိုင်ချတပ်စွဲကာ ကျေးရွာတွေကိုမီးရှို့နေတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး ၁၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Khin U Dog Killers(KDK)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စကစအများစုက ဒီပဲယင်းမြို့နယ် ညောင်လှကျွေးရွာဘက်က အထိနာနေတဲ့ကောင်တွေကို သွားကြိုနေတဲ့အချိန် စခန်းမှာကျန်ခဲ့တာတွေကို ကျနော်တို့က တိုက်ခိုက်ခဲ့တာပါ။ စကစ ဘက်ကလည်း လက်နက်ငယ်နဲ့ခဏပဲရမ်းပစ်ခဲ့တယ်။ အတွင်းသတင်းအရ ငါးယောက်သေတာကို အတည်ပြုနိုင်ခဲ့တယ်။ သေတဲ့ငါးယောက်က စျေးတန်းကကောင်တွေဗျ။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Khin U Specialforce Organization_KSO၊ Khin U Dog Killers၊ Local Brothers၊Wolf Guerrilla (Ye-U)၊FAF၊PDA၊ တပ်ရင်း၂၀ခွဲ-၃တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီတွေက ရေဦးမြို့နယ် နဲ့ ဒီပဲယင်းမြို့နယ်ဘက်တို့ကို တပ်ကူလုပ်ပေးနေတဲ့စခန်းတွေဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့မှာလည်း KSO အဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်၊

ဇန်နဝါရီ ၂၄ ရက်နေ့မှာ တပ်စွဲထားတဲ့စခန်းထဲကနေ တပ်သား ၁၅ ဦးမှာ PDFရဲ့ ပုန်းလျိုတိုက်ခိုက်မှုက ကင်းလွတ်အောင် သူတို့စခန်းအနီးမှာရှိတဲ့ ငှက်ပျောခြံ၊ လျှော်ဖြူခြံ၊ ခြုံတောတွေကို မီးရှို့ခဲ့တာကြောင့် အင်းပတ်ကျေးရွာကို မီးကူးစက်ကာ လူနေအိမ် ၂လုံး လောင်ကျွမ်းပြာကျခဲ့ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။