myaelatt athan

Sharing Information to the Local

ရွာကိုမီးရှို့ပြန်လာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်း၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ခေါတောကျေးရွာ လယ်တောအနီးမှာ နေအိမ်တွေမီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၅ ရက်မနေ့ကနေ့လယ် ၂ နာရီခန့်မှာ မူးကြီးကျေးရွာကနေအိမ်အချို့ကို မီးရှို့ပြန်လာတဲ့ စစ်သားနဲ့ ပျူစောထီး အင်အား ၆၀ ခန့်ကို ဒရုန်းနဲ့ဗုံး ၆ လုံးချ တိုက်ခိုက်ခဲ့တာလို့ NgweDwin Revolution Force တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က ဝက်လက်အနောက်ဘက်ခြမ်းကရွာတွေကို မီးပတ်ရှို့၊ ပစ္စည်းလု လုပ်နေတာ ၃ ရက်လောက်ရှိပြီ။ မနေ့ကလည်း မူးကြီးရွာကို သူတို့အဲ့လိုလုပ်ပြီး ခေါတောရွာဘက်အကူးလမ်းက လယ်တဲတခုမှာ နားနေတာကို သတင်းရလို့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ သူတို့က သွားလုလိုက်၊ ရလာတာကို လှတောရဲစခန်းထဲ ပြန်ပို့လိုက် လုပ်နေတာ”လို့ ပြောပါတယ်။

အဲ့ဒီစစ်အုပ်စုဟာ လှတောရဲစခန်းမှာတပ်စွဲနေတာဖြစ်ပြီး၊ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂ ဦး၊ ပျူစောထီး ၂ ဦး စုစုပေါင်း ၄ ဦးသေဆုံးပြီး သေဆုံးအလောင်းတွေကို ပြန်သယ်သွားတာမလုပ်ဘဲ လယ်တဲထဲမှာသာ စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက်မှာတော့ အဆိုပါစစ်ကောင်စီတပ်တွေဟာ လုရာပါပစ္စည်းတွေနဲ့အတူ လှတောရဲစခန်းဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို MSaiNaw ငရဲမီးအဖွဲ့၊ မုံရွာခရိုင်တပ်ရင်း၆၊ MRTF၊ မုံရွာခရိုင်တပ်ရင်း၂၁ တပ်ခွဲ.၂၊ NDRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်မှာလည်း ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က မကျီးတုံးကျေးရွာနဲ့ ပင်ဇင်းကျေးရွာကိုမီးရှို့ခဲ့လို့ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ခဲ့ပြီး အဘိုးအို ၁ ဦးပါ မီးလောင်သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။