မြေလတ်အသံ၊ ဇွန် ၁၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ကျေးရွာကို စစ်ကောင်စီတပ်ကဝင်ရောက်မီးရှို့ပြီးနောက် ဖမ်းဆီးသွားတဲ့ ရွာခံ ၂၀ ဦး ဇွန် ၁၈ ရက်ဒီကနေ့ထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ နဲ့ ၃၀ ကြားရှိ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၁၃ ဦး တို့ဖြစ်ပြီး ဇွန် ၁၄ ရက်မှာ ရွာကိုမီးဝင်ရှို့တဲ့ စစ်အုပ်စုက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“စ**တွေက တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီအတိုင်းခြေလျင်ဝင်လာတာပါ။ ပြည်သူ ၂၀ ဦးကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသွားတာပါ။ အခုထိပြန်မလွတ်သေးပါဘူး။ လူနေအိမ်ကတော့ ၂၁ လုံး မီးလောင်သွားပါတယ်”လို့ မြေပြင်အခြေအနေကိုသိရှိထားတဲ့ အမျိုးသားတဦးကပြောပါတယ်။
ဒီနေ့အထိ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီစစ်ကြောင်းတပ်စွဲထားတဲ့ အောင်ပင်လယ်ကျေးရွာအတွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သူကဆိုပါတယ်။
ဒေသခံတွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအင်အား ၃၀၀ ခန့်ဟာ နတ်တလင်းမြို့နယ်၊ ပန်းသင်းပင်ရွာနဲ့ ပျဥ်ပုံရွာကြားရှိ ဓမငယ်ရဲကင်းစခန်းကဖြစ်တယ် လို့ အထက်ပါ အမျိုးသားကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာတွေဘက်ကိုပါ စစ်ကြောင်းထိုးတာတွေရှိနေတာကြောင့် တိုက်ပွဲဖြစ်ပွားလာမယ့်အခြေအနေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၁ ရက်မှာလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း