မြိုင်၊ ဇွန် ၁၆၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၁၆ ရက် နေ့လယ် ၁ နာရီခွဲမှာ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချတာကြောင့် အိမ်ခြေ ၁၅၀ ကျော်ရှိ ဇီးတောကျေးရွာကဘုန်းကြီးကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
“ဇီးတောကျေးရွာ ဘုန်းကြီးကျောင်းကိုတိုက်ခိုက်တာပါ၊ ဘုန်းကြီးကျောင်းထဲမှာက ကမ္မနဲ့ပေါက်လမ်း အနီးတဝိုက်ကပြည်သူတွေနေတာပါ၊ ပေါင် ၅၀၀ လို့ ယူဆရပါတယ်၊ ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုးများပျက်စီးသွားခဲ့ရပါတယ်၊” လို့ ဇီးတောရွာခံတဦးကပြောပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နောက်ထပ်ဒေသခံ ၇ ဦးဒဏ်ရာရကာ ကလေးငယ်တွေလည်းသတိလစ်မေ့မျောတာတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း မြိုင်မြို့နယ်၊ တွင်းမကျေးရွာက စစ်ဘေးရှောင်တောတိုက်တွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၂ လုံးကြဲချသွားပါသေးတယ်။
စာတည်း – လင်း ၊ တည်းဖြတ် – HP