myaelatt athan

Sharing Information to the Local

PDF တွေတိုက်ခိုက်မှာစိုးလို့ ဆိုင်ကယ်လိုင်စင်လုပ်ပေးမယ့် အစီအစဥ်ရွှေ့ဆိုင်း

ပဲခူး၊ ဇန်နဝါရီ ၂၄၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို လိုင်စင်လုပ်ပေးမယ့် အစီအစဥ်ကို စစ်ကောင်စီလက်အောက်ခံ ကညနက ရက်အကန့်သတ်မရှိ ရွေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ဆိုင်ကယ်လိုင်စင်လုပ်ပေးနေချိန် ကညန ဝန်ထမ်းတွေအနေနဲ့ PDF တွေရဲ့ တိုက်ခိုက်တာကို ခံရမှာကိုစိုးရိမ်တာကြောင့် လုံခြုံရေးအစီအစဥ်တွေ ပြန်လည်ရေးဆွဲပြီးမှ ပြန်လည်လုပ်ပေးဖို့ စီစဥ်နေတာဖြစ်တယ်လို့ ပဲခူး ကညနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနေ့က လုပ်ပေးမယ်ဆိုပြီး လိုင်စင်လုပ်မယ့် လူတွေတောင် လာစောင့်နေကြတာ။ ပြီးတော့ နေ့ခင်း ၁၁ နာရီလောက်မှာ မလုပ်ပေးတော့ဘူးဆိုပြီး ချက်ချင်းဖြစ်သွားတယ်။ တန်းစီနေတဲ့သူတွေတောင်ပြန်သွားရတယ်။ ဘယ်သူမှကို မလုပ်လိုက်ရဘူး။ ပြီးတော့ ရက်အကန့်အသတ်မရှိရွေ့လိုက်တယ်လို့ သိရတယ်”လို့ပြောပါတယ်။

ပဲခူးတိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ်သိန်းချီရှိရာ စစ်ကောင်စီက ပြည်သူလူထုထံကနေ လိုင်စင်လုပ်ပေးပြီး ငွေသန်းထောင်ချီရှာရန် ပြင်ဆင်နေတာလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၃ ရက်ကစတင်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်တွေဖြစ်တဲ့ ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည်ခရိုင် ကညနရုံးတွေမှာ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို ပဲခူးဒေသလိုင်စင်လုပ်ပေးဖို့ ကညန ဘက်က ကြေညာခဲ့တာဖြစ်ပါတယ်။

ဆိုင်ကယ်လိုင်စင်ပြုလုပ်မယ်ဆိုပါက ၁ စီးလျှင် ကညနကြေး ၃၀၀၀၀ ကျပ်နဲ့ အခွန်ကြေးအပါအဝင် ဆိုင်ကယ် အမျိုးအစားနဲ့ထုတ်လုပ်တဲ့ခုနှစ်အလိုက် ကျပ် ၁ သိန်းအထက်ကနေ ကျပ် ၅ သိန်းကျော်ထိ ကုန်ကျနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပဲခူးတိုင်းထဲကမြို့နယ်တွေမှာ မော်တော်ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဘတ်မှန်၊ ဆိုင်ကယ်စီးဦးထုပ်နဲ့ အခြားအရာတွေကိုစစ်ဆေးကာ ဆိုင်ကယ်သိမ်းတာ၊ လူဖမ်းတာတွေနဲ့ ငွေတောင်းတာတွေကြောင့် ဒေသခံတွေဟာ သွားလာရေးနဲ့စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေရတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို လိုင်စင်လုပ်ပေးခဲ့ပြီး ကျပ်သန်းပေါင်းများစွာ အခွန်ငွေရရှိခဲ့သေးတာပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။