myaelatt athan

Sharing Information to the Local

ကန့်ဘလူမှာ တောင်သူ ၃ ဦးကို ပျူအဖွဲ့ကဖမ်းဆီး

စစ်ကိုင်း၊ ဇန်နဝါရီ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဖုတ်ကုန်းကျေးရွာက မြေပဲနုတ်နေတဲ့ ဒေသခံတောင်သူ ၃ ဦးကို ပျူစောထီးအဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက်မနေ့မနက် ၉ နာရီခန့်မှာ ဖုတ်ကုန်းရွာ မြေပဲကုန်းမှာ တောင်သူ ၂၀ ဦးခန့်ဟာ မြေပဲနုတ်နေချိန် ရွာနဲ့ ၁ မိုင်ခန့်သာဝေးတဲ့ ဇာဒီကျေးရွာက ပျူစောထီးအဖွဲ့အင်အား ၂၀ ကျော်ကရောက်လာပြီး အကြောင်းမဲ့ ဖမ်းဆီးတာကြောင့် မြေပဲနုတ်နေသူတွေထွက်ပြေးခဲ့ကြရတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ စစ်ရေးတာဝန်ခံက ပြောပါတယ်။

“တောင်သူတွေ အဖမ်းခံရတာဟုတ်တယ်။ ဇာဒီက ပျူတွေဖမ်းသွားတာ။ မြေပဲနုတ်ချိန်လာဖမ်းတာ။ ပြေးနိုင်တဲ့သူတွေက လွတ်သွားတယ်။ မပြေးနိုင်တဲ့သူတွေ ဖမ်းခံရတယ်။ နေ့လည်ပိုင်းတော့ ဇာဒီရွာကပျူတွေကို ဒီဘက်က အဖွဲ့တွေသွားပစ်ကြသေးတယ်လို့ သိရတယ်။ ထိခိုက်တာကတော့ ပျူရွာထဲဆိုတော့ အတည်ပြုဖို့ ခက်တယ်”လို့ပြောပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးဟာ အသက် ၃၅ နှစ်နဲ့ ၄၅ ဝန်းကျင်ကြားရှိ ဖုတ်ကုန်းရွာသားသုံးဦးဖြစ်ပြီး သူတို့ကို ဇီးကုန်းရွာသကြားစက်မှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေဆီ ခေါ်သွားတယ်လို့လည်းဆိုပါတယ်။

ဖမ်းဆီးခံရပြီးနေုာက် အဲ့ဒီနေ့မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာပဲ ဇာဒီကျေးရွာမှာ အစည်းအဝေးလုပ်နေတဲ့ စစ်ကောင်စီနဲ့ပျူတွေကို Kanbalu Underground Warriors၊ ကန့်ဘလူစွန်ရဲ၊ PLGF ၊ မြေပြင်လှုပ်ရှားညီနောင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တွေက ရှော့တိုက်ဒုံးတလုံး၊ ၈၁ မမ ၉ လုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ချိန်မှာလည်း ပျူစောထီးတွေဘက်က ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပြီး ထိခိုက်သေဆုံးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ တောင်သူ ၃ ဦးကတော့ ဇန်နဝါရီလ ၂၃ ရက်ဒီနေ့ ညပိုင်းထိ ပြန်မလွတ်လာသေးဘူးလို့သိရပြီး သူတို့နဲ့ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၉ ရက်ညနေ ၃ နာရီ မိနစ် ၄၀ ခန့်မှာလည်း ဇာဒီကျေးရွာက စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းမှာ တပ်စွဲနေနေတဲ့ အင်အား ၂၀ ကျော်ရှိတဲ့ စစ်သားနဲ့ပျူတွေကို ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။