ထောင်တွင်း ဆေးကုသခွင့်မရလို့ CDM ကျောင်းအုပ်ဆရာမ ၁ ဦးသေဆုံး

မြေလတ်အသံ၊ ဇွန် ၁၅၊ ၂၀၂၅။

မန္တလေး၊ အိုးဘိုထောင်မှာ ဆေးကုသခွင့်မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းအုပ်ဆရာမ ၁ ဦးသေဆုံးခဲ့တယ်လို့ ဇွန် ၁၄ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်ပါတယ်။

သေဆုံးသူမှာ အလယ်တန်းကျောင်းအုပ် ဒေါ်မြင့်မြင့်သန်းဖြစ်ပြီး တီဘီရောဂါဝေဒနာကို ခံစားနေရကာ ထောင်ပြင်ပဆေးရုံမှာကုသခွင့်မရခဲ့ဘဲ မေ ၇ ရက်မှာသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ဆရာမကြီးက သွေးကြောပေါက်ချိန်မှာ ပြင်ပဆေးရုံကို ပို့ဆောင်ကုသခွင့်မရခဲ့ဘူး။ သွေးကြောပေါက်တယ်ဆိုတဲ့အခြေအနေကတော့ နောက်ပိုင်းမှာမှကြားသိရတာပါ။ တကယ်တော့ တီဘီရောဂါအခံကြောင့်မို့လို့ ကိုယ်ခံအားကျဆင်းပြီး ကျဆုံးရတဲ့အခြေအနေ ပိုပြီးဖြစ်ဖို့များပါတယ်။”လို့ PPNMမှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒေါ်မြင့်မြင့်သန်း သေဆုံးရတာတဲ့ အဓိကအကြောင်းအရင်းမှာ သွေးကြောပေါက်ပြီးသေဆုံးတာလို့ စုံစမ်းသိရှိရပေမယ့် ဆေးမှတ်တမ်းကို ရယူကြည့်ခွင့်မရှိခဲ့တဲ့အတွက် တီဘီရောဂါအခံအပါအဝင် ကိုယ်ခံအားကျဆင်းလာမှုကြောင့် တခြားရောဂါတွေဝင်လာခဲ့ချိန် ဆေးပြင်းတွေ၊ ဆေးဝါးမျိုးစုံသောက်သုံးရတဲ့အတွက် သေဆုံးရတာလို့ ကိုသိုက်ထွန်းဦးက ယူဆပါတယ်။

ဒေါ်မြင့်မြင့်သန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၇ ရက်မှာ ဖမ်းဆီးခံရပြီးနောက် ပုဒ်မ – ၅၂(က)နဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရသူ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ဇွန် ၁၃ ရက်မှာလည်း အိုးဘိုထောင်မှာ ထောင်ဒဏ် ၁၈ နှစ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ဦးမော်ထူးဟာ ငလျင်ကြောင့်ရရှိခဲ့တဲ့ လည်ပင်းနဲ့ ဦးခေါင်းဒဏ်ရာတို့ကို ခွဲစိတ်ကုသချိန် ကိုမာဝင်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

PPNM ရဲ့မှတ်တမ်းအရ အကျဉ်းထောင်အသီးသီးမှာ ဆေးဝါးလုံလောက်စွာနဲ့ ဆေးကုသခွင့်မရရှိတာကြောင့် ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန် ၁ ရက်အထိ သေဆုံးသူ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၁၁ ဦးရှိတယ် လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။