မန္တလေး၊ ဇွန် ၁၄၊ ၂၀၂၅။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ ငလျင်သင့် ၅ ထပ်တိုက်အဆောက်အဦတခုကို ဖြိုချရာက လုပ်သား ၁ ဦး ဓာတ်လိုက်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၁၃ ရက် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်က ၆၃ လမ်း၊ ၂၀×၂၁ လမ်းကြားမှာရှိတဲ့ ငလျင်သင့်ထားတဲ့ အမျိုးသမီးဘော်ဒါဆောင် ၅ ထပ်တိုက်ရဲ့ပထမအထပ်ကို ဖြိုချရာက မီးကြိုးကို သံတူရွင်းနဲ့ ထိုးမိပြီး ဓာတ်လိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
” တိုက်ရဲ့ကွန်ကရစ်ကျောက်တိုင်ထောင့်မှာ ရိုက်ထားတဲ့ သစ်သားပြားကို ထုတ်တန်းပေါ်ကနေတက်ပြီး သံတူရွင်းနဲ့ခွာချတာ။ အဲ့နားမှာရှိနေတဲ့ မီးကြိုးကို သံတူရွင်းနဲ့ သွားထိုးမိပြီး ဓာတ်လိုက်သွားတာ။ လိုက်လိုက်ချင်းအနီးနားဝန်းကျင်က လူတွေကကယ်ဆယ်ရေးအဖွဲ့တွေ ဖုန်းဆက်ခေါ်ပေးသေးတယ်။ အသက်မမှီတော့တာ”လို့ အခင်းဖြစ်နေရာအနီးရှိအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးသူဟာ အဆောက်အဦဖြိုချရာမှာ နေ့စားအလုပ်သမားအဖြစ်လုပ်ကိုင်နေတဲ့ အသက် ၄၄ နှစ်အရွယ် ဦးထွန်းဝင်းဆိုသူဖြစ်ပြီး လူမှုကူညီကယ်ဆယ်ရေးအသင်းတွေရောက်လာချိန်မှာ ၎င်းကိုရှေးဦးသူနာပြုနည်းတွေနဲ့အသက်ကယ်ခဲ့ပေမယ့် ဆေးရုံးမရောက်ခင်မှာဘဲသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူ ဦးထွန်းဝင်းရဲ့ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံအဆောင်ကိုပို့ပေးခဲ့ပြီး ဇွန် ၁၄ ရက် ဒီကနေ့ညနေပိုင်းမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမှာအဆောက်အဦအများအပြားပြိုကျပျက်စီးခဲ့ပြီး ၂ လကျော်ကြာတဲ့အထိ ငလျင်သင့်အဆောက်အအုံတချို့ဟာ ဖြိုချရှင်းလင်းရေးတွေမပြီးသေးဘဲ လူအင်အားနဲ့သာ ဖြိုချနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၃၁ ရက်မှာလည်း မန္တလေးမြို့၊ ၂၆ လမ်း၊ လမ်း ၆၀ က ငလျင်ဒဏ်ထိအဆောက်အအုံတခု ဖြိုချရာမှာ လုပ်သားအမျိုးသားတဦး ဆလပ်ပြင်ပြိုကျပိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ