myaelatt athan

Sharing Information to the Local

ကဝမှာ စစ်ကောင်စီက ငွေတောင်းယူပြီး တရားမဝင်ငါးဖမ်းလှေတွေကို လုပ်ပိုင်ခွင့်ပေးနေ

0
0

ပဲခူး၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂။

ပဲခူးတိုင်း၊ ကဝမြို့နယ် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ မမောက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး စစ်တောင်းမြစ်အတွင်း တရားမဝင်နည်းလမ်းတွေနဲ့ ငါးဖမ်းနေသူတွေကို ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကဝမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကဝမြို့နယ်ကြံခိုင်ရေးပါတီဥက္ကဌ ဦးမျိုးမြင့်၊ နယ်မြေတာဝန်ခံ စစ်ကောင်စီဗိုလ်မှူး ထွန်းလင်းအောင်၊ မမောက်ကျေးရွာအုပ်ချုပ်ရေးမှူး မင်းစိန်တို့က ငွေယူပြီး တရားမဝင်နည်းလမ်းနဲ့ငါးဖမ်းနေသူတွေကို ခွင့်ပြုပေးနေတာလို့ ငါးဖမ်းလှေလုပ်ကိုင်နေသူတဦးက ပြောပါတယ်။

“စကစ အာဏာသိမ်းပြီးကတည်းက စစ်တောင်းမြစ်ထဲမှာ ငါးလုပ်ငန်းဦးစီးဌာနက ကန့်သတ်ထားတဲ့ သံဇကာပိုက်တွေနဲ့ ငါးဖမ်းတဲ့သူများလာတယ်။ ဒါတွေကို ခွင့်ပြုပေးနေတာက ကဝက စကစ နဲ့ပတ်သက်နေတဲ့အဖွဲ့တွေ။ သူတို့က ငွေယူထားပြီး စစ်တောင်းမြစ်ထဲ ကြိုက်သလိုလုပ်ဖို့ ခွင့်ပြုထားတယ်။ သူတို့ကို ငွေပေးထားတဲ့အဖွဲ့တွေက အခြားတရားဝင်နည်းလမ်းနဲ့ ငါးဖမ်းသူတွေရဲ့နေရာကို အုပ်စုလိုက် ဝင်လုတယ်။ ပြသနာရှာတယ်။ ကြာလာတော့ တရားဝင်လုပ်တဲ့သူတွေက နေရာတွေပျောက်ပြီး လုပ်စားကိုင်စားလို့မရတော့ဘူး” လို့ ပြောပါတယ်။

အဆိုပါ တရားမဝင်ငါးဖမ်းလှေတွေကို စစ်တောင်းမြစ်နဲ့ ထိစပ်နေတဲ့ ကဝ၊ သနပ်ပင်၊ ဝေါ၊ ကျိုက်ထို၊ ဘီးလင်း ရေပိုင်နက်တွေအထိ သွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်စစ်တောင်းမြစ်ထဲမှာ တရားမဝင်နည်းလမ်းနဲ့ ငါးဖမ်းနေသူတွေကို မမောက်ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် ဦးမျိုးမြင့်နဲ့ ဗိုလ်မှူးထွန်းလင်းအောင်ဆီကို လှေ ၁ စီးလျင် ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းထိ ပေးရတယ်လို့ ဆိုပါတယ်။

တရားမဝင် သံဇကာပိုက်တွေနဲ့ ငါးဖမ်းတဲ့အတွက် ငါးအမှုန်အမွှားကအစ ပါသွားလို့ ရေရှည်မှာ ငါးမျိုးစိတ် ပြုန်းတီးတာတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက်က စစ်တောင်းမြစ်အတွင်း တရားမဝင် သံဇကာပိုက်တွေနဲ့ ငါးဖမ်းနေသူတွေကို ဖမ်းဆီးမှုတွေရှိခဲ့လို့ တရားမဝင်နည်းလမ်းနဲ့ ငါးဖမ်းသူတွေ မရှိသလောက် နည်းပါးသွားခဲ့ပြီး အခုချိန်မှာတော့ ဦးရေ ၅၀ ထက်မနည်း ပြန်တိုးလာတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။