myaelatt athan

Sharing Information to the Local

တောင်သာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ

လက်နက်ခဲယမ်းတွေကိုပါ PDF သိမ်းဆည်း

တောင်သာ၊ ဇွန် ၁၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သား ၁ ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

တောင်သာမြို့နဲ့ ထနောင်းကုန်းရွာကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ပူးပေါင်းစစ်ကြောင်းကို ဇွန် ၁၂ ရက်မနက် ၁၀ နာရီလောက်က တောင်သာမြို့အနောက်ဘက် ဆင်တဲဝဲချောင်းအနောက်ဘက်ကမ်းမှာ စတင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“အင်အား ၃၀ ကျော်ပါတယ်၊ တောင်သာမြို့နယ်အတွင်းမှာတိုက်တာ၊ တိုက်ပွဲကြာမြင့်ချိန် ၂ နာရီလောက်ကြာတယ်၊ ၃ ဦးသေဆုံးတယ်၊ ၁ ဦးအရှင်မိတယ်” လို့ တောင်သာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အရှင်ဖမ်းမိသူဟာ တပ်သားကျော်နိုင်ဝင်းဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက G4 ၁ လက်၊ MA3 ၁ လက်၊ RPG ဖူး ၁၀ ဖူး၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၁၈ တောင့်၊ Drone Jammer ၁ ခုနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်ကလည်း တောင်သာမြို့ကနေ ဝဲလောင်ဘက်ကို စစ်ကူနဲ့ရိက္ခာပို့လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေပါတဲ့ ကား ၁ စီးကို တောင်သာပကဖ က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး‌သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိပြီး ကား ၁ စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။