myaelatt athan

Sharing Information to the Local

ပဲခူးတိုင်းစစ်ကောင်စီထိန်းချုပ်နယ်တွေမှာ ကြံ့ခိုင်ရေးက ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်လာ

0
0

ပဲခူး၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်၊ ကျေးရွာတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကလာမယ့် စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်လာနေတယ်လို့ သိရပါတယ်။

ရက် ၉၀ စီမံချက်နဲ့လာမယ့် ရွေးကောက်ပွဲမှာ ပြုလုပ်မယ့်အချိုးကျကိုယ်စားပြုစနစ် PR နဲ့ပတ်သက်ပြီး ပါတီဝင်တွေနဲ့ပါတီထောက်ခံသူတွေကို ရှင်းလင်းပြောဆိုတာ၊ ပါတီဝင်အသစ်တွေရဖို့ စည်းရုံးရေးဆင်းတာ၊ ပါတီဝင်စီစစ်တဲ့လုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ ပါတီနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ကြံခိုင်ရေးပါတီက ခုလို ကိစ္စတွေလုပ်လာတာ ဒီဇင်ဘာမတိုင်ခင်ကတည်းက လုပ်လာတာ။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေလုပ်လာတာလို့ မြင်တယ်။ ပြိုင်ဘက် NLD ပါတီကလည်း ဝင်ပြိုင်မှာမဟုတ်တော့ ရွေးကောက်ပွဲဖြစ်ရင် စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ သူတို့ဘဲ အားသာမယ့်သဘောရှိတယ်” လို့ ပြောပါတယ်။

ကြံခိုင်ရေးပါတီက ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဥ်တွေကို ဆွေးနွေးဟောပြော စည်းရုံးရေးလုပ်ဖို့ ပဲခူးတိုင်းထဲက နေရာအနှံကိုမသွားနိုင်သေးဘဲ မြို့ပေါ်နဲ့စစ်ကောင်စီဘက်က ထိန်းချုပ်ထားနိုင်သေးတဲ့ကျေးရွာတွေဘက်မှာသာ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။

“ဒါက ရွေးကောက်ပွဲနီးလာလို့ သူတို့ဘက်က ပြင်ဆင်မှုတွေ လုပ်လာတယ်လို့ပဲ မြင်တယ်။ ပဲခူးအနောက်ခြမ်းဘက်မှာလည်း စကစ ဘက်က ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ့် ပုံစံတွေ တွေ့လာရတယ်။ ရွေးကောက်ပွဲဖြစ်တာ မဖြစ်တာက ပြည်သူတွေအပေါ်မှာ မူတယ်တယ်။ ပြည်သူတွေက ကိစ္စတခုကို မေ့လွယ်ပျောက်လွယ်တာမျိုး မဖြစ်ဖို့တော့လိုတယ်။ ဒီအချိန်မှာ ပြည်သူနဲ့စကစ တော်လှန်နေတဲ့သူတွေအကြား အချိတ်ဆက်မိမိနဲ့ ပိုလုပ်နိုင်ဖို့လိုတယ်” လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ​ပြောပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာ စစ်ကောင်စီကရွေးကောက်ပွဲကို PR စနစ်နဲ့ပြုလုပ်ဖို့ ခြေလှမ်းပြင်ဆင်တာတွေရှိနေပြီး အခြေခံမဲဆန္ဒရှင်စာရင်းတွေ ကောက်ယူဖို့ လက်အောက်ခံဝန်ထမ်းတွေကိုပါ သင်တန်းတွေ ပို့ချနေပြီလို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီးတခုလုံးမှာ ကြံခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းနေရာ ၁၄၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ်လောင်းနေရာ ၁၀ နေရာကျော်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။