myaelatt athan

Sharing Information to the Local

ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံတွေကို လိုက်လံပစ်ခတ်ရာ အဖွားအို ၁ ဦးနဲ့ရွာသား ၁ ဦးသေဆုံး

0
0

မကွေး၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကင်းရွာထဲကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေး တိမ်းရှောင်နေတဲ့ဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ လိုက်လံပစ်ခတ်လို့ အဖွားအိုတဦး အမောဖောက်ပြီး သေဆုံးသွားတဲ့အပြင်၊ ရွာသားတဦးကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကင်းရွာထဲကို လက်နက်တွေနဲ့ပစ်ခတ်ပြီး ဒီဇင်ဘာလ၂၆ ရက်နေ့မနက် ၈ နာရီမှာ ရွာထဲကို ဝင်ရောက်လာခဲ့ပြီး နာရီဝက်ခန့်အကြာမှာ ရွာရဲ့ အနောက်ဘက်တောမှာ ပုန်းရှောင်နေတဲ့ ဒေသခံတွေကို လိုက်လံပစ်ခတ်ခဲ့ရာ အသက် (၈၀) အရွယ် ဒေါ်ခင်မေမှာ အမောဖောက်သေဆုံးသွားတဲ့အပြင် ရွာတောင်ဘက်နေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် ကိုစတန်ကိုလည်း လည်လှီးသတ်သွားတယ်လို့ KF People Defense Force တပ်ဖွဲ့ဝင်တဦး ဆိုပါတယ်။

“စခတွေက အင်ပင်ရွာကနေ စထွက်လာပြီး ကင်းရွာထဲကို ဝင်လာတာ။ ရွာထဲကိုဝင်ပြီးတော့ တောထဲကို ပတ်လာတာ။ ကျနော်တို့ကလည်း မသိလိုက်ဘူး။ ချုံတွေနဲ့ကွယ်နေတာဆိုတော့ သူတို့က လိုက်ပတ်ပစ်နေတာ။ ကျနော်တို့လည်း ရွာပြင်ကနေ ပတ်ပြေးလာရတာ။ နောက်ပြီးရွာတောင်ပိုင်းက ရေလာသယ်တဲ့ဦးလေးကိုလည်း သတ်သွားပြီး နွားချေးကုန်းထဲမှာဖွက်ခဲ့တာ” လို့ KF People Defense Force တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ရွာသားတွေကို လိုက်လံပစ်ခတ်ပြီးနောက် ကင်းရွာထဲမှာ တညတာ တပ်စွဲနေထိုင်သွားပြီး ရွာသား တွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်သွားတဲ့အပြင် ရွာသားတွေရဲ့နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ဆိုပါတယ်။

“အခုလိုရွာထဲကိုဝင်တာက ငါးကြိမ်လောက်ရှိပြီ။ ရွာထဲကိုဝင်လာတိုင်း ရွာသားတွေရဲ့အိမ်တွေကို တက်မွှေတယ်။ ၂၆ ရက်နေ့ကလည်း ရွာသားတွေကိုခေါ်ထုတ်နေချိန် စခတွေက ကျနော်တို့တပ်ဖွဲ့တွေရဲ့ကားတွေကိုလည်း မီးရှို့သွားတယ်။ ရွာထဲမှာတညစခန်းချသွားပြီးတော့ မနက်မိုးလင်းတော့ အနောက်ဘုန်းကန်ရွာကို ပြန်ထွက်သွားကြတယ်” လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေသတ်သွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ရှင်းလင်းရေးလုပ်လိုက်သလို သေဆုံးသွားတဲ့သူတွေကိုမနေ့က ၂၇ ရက်မှာ သဂြိုလ်ပေးလိုက်ပါတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် KF People Defense Force တပ်ဖွဲ့ဝင်အနေနဲ့ ရွာသားတွေကိုထိခိုက်မိမှာ ဆိုးတဲ့အတွက် ထိတွေ့တိုက်ခိုက်တာမျိုးမပြုလုပ်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။