myaelatt athan

Sharing Information to the Local

စစ်ကောင်စီဆီကို ကိုယ်တိုင်သွားအဖမ်းခံတဲ့ NLD လဝကဝန်ကြီး နေအိမ်ပြန်ရောက်

0 4
0 4

ပဲခူး၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၈ ရက်က ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ပြည်) ဆီကို ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့တဲ့ NLD လဝကဝန်ကြီး ဦးထွန်းထွန်းဦးဟာ နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ပေါင်းတည်မြို့၊ အုပ်ဖို ၁ ရပ်ကွက်၊ ၃၈ လမ်းက သူရဲ့နေအိမ်ကို ဒီဇင်ဘာလ ၂၆ ရက်ဝန်းကျင်က ပြန်လည်ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့တနင်္လာနေ့က ပေါင်းတည်မြို့က စီးပွားရေးလုပ်ငန်းရှင်ကြီး နှစ်ဦးနဲ့ ကိုထွန်းထွန်းဦး အမေရယ် ပြည်ဒကစကို သွားတယ်။ အဲဒီနေ့မှာပဲ ကိုထွန်းထွန်းဦးက ပေါင်းတည်ရဲစခန်းမှာ ခံဝန်ဂတိလာထိုးသွားတာ” လို့ မြို့ခံတဦးက ပြောပါတယ်။

လဝကဝန်ကြီး ဦးထွန်းထွန်းဦးရဲ့ သမီးဟာ ပြည်ပထွက်ဖို့ ပတ်စ်ပို့သွားလုပ်ချိန် ဖမ်းဆီးခံရတယ်လို့ သတင်းတွေ ထွက်ပေါ်အပြီးနောက် သမီးကို ပြန်လွှတ်ပေးဖို့အတွက် သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)နဲ့ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့တာလည်း ဖြစ်ပါတယ်။

ဦးထွန်းထွန်းဦးဟာ ပေါင်းတည်မြို့ပေါ်မှာ ဆိုင်ကယ်သပိတ်လှည့်လည်ရာမှာ ပါဝင်ခဲ့မှုနဲ့ ပေါင်းတည်မြို့မရဲစခန်းက အခြားမြို့ခံတဦးနဲ့အတူ အမှုဖွင့်ခံရပြီး အဖမ်းမခံခင်ရက်ပိုင်းအထိ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဦးထွန်းထွန်းဦးဟာ ခံဝန်နဲ့ပြန်လည်လွတ်မြောက်လာပြီး၊ သူ့သမီးနဲ့ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

ဦးထွန်းထွန်းဦးဟာ ပေါင်းတည် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်မှာ ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး၊ ပဲခူးတိုင်းအစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်နဲ့ စက်မှု၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်များထမ်းဆောင်ခဲ့ရာက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်မှာ ပဲခူးတိုင်းလွှတ်တော်ကနေ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးအဖြစ် မဲခွဲအတည်ပြု ခန့်အပ်ခြင်းခံရသူဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသူဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။