myaelatt athan

Sharing Information to the Local

စစ်ကြောင်းကြောင့် အုတ်ဖိုနဲ့ ကြို့ပင်ကောက်ရှိ ရွာ ၈ ရွာကဒေသခံတွေထွက်ပြေးနေ

လက်နက်ကြီးထိလို့ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးသေဆုံး

မြေလတ်အသံ၊ ဇွန် ၁၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖို နဲ့ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ကျေးရွာ ၈ ရွာကဒေသခံတွေနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် အုတ်ဖိုမြို့နယ်က ကိုင်းကြီး၊ ကိုင်းကလေး၊ ဒေါင်းကြီး၊ ဒေါင်းလေး၊ ဒေါင်းစပါးကွင်းစတဲ့ကျေးရွာတွေနဲ့ ကြို့ပင်ကောက်မြို့နယ်က အညာတန်း၊ ကျီစု၊ သရက်ကိုင်းကြိုးကျေးရွာက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ပျူတွေနဲ့ အုတ်ဖိုကရဲတွေလည်းပါတယ်။ ကြို့ပင်ကောက်၊ အလယ်ကုန်းရဲစခန်းကရဲတွေပါတယ်။ ရဲ နဲ့ ပျူများတယ် ခုစစ်ကြောင်းက။ သူတို့က ညဘက်တွေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တယ်။ စစ်ကြောင်းကရိုးမပေါ်ကိုတော့မတက်ဘူး။ ရွာတွေကို ပတ်သွားနေတာ။ တိုက်ပွဲမဖြစ်သေးဘူး“လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဇွန် ၁၀ ရက် ညနေ ၄ နာရီကျော်မှာ ကြို့ပင်ကောက်မြို့နယ်၊ ကျီစုကျေးရွာကို ဝင်ရောက်ချိန် လက်နက်ကြီးတွေပစ်ခတ်ခဲ့ရာ ကျည် ၁ လုံးမှာ အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးကျေးရွာကို ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ ကျော်အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိမ်မြုပ်ကျေးရွာအခြေစိုက် ခမရ ၆ မှ စစ်ကောင်စီတပ်သားတွေအပါအဝင် ပျူစောထီး၊ ရဲတပ်သားတွေ စုစုပေါင်းအင်အား ၁၅၀ ခန့်က အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့ နယ်အစပ်ရှိ ကျေးရွာတွေကို ဇွန် ၈ ရက်ကနေ ၁၁ ရက်အထိ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ အထက်ပါစစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့နယ်ကအညာတန်းနဲ့ ကျီစု၊ ဒေါင်းစပါးကွင်းစတဲ့ ကျေးရွာဘက်တွေမှာ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။