စစ်ကိုင်း၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။
စစ်ကိုင်း၊ ရွှေဘိုမြိုနယ်က စပါးခင်းတွေကို ခိုးရိတ်နေတဲ့ပျူစောထီးတွေကို ဒီဇင်ဘာလ ၂၆ ရက်နေ့လယ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ Shwebo Federal Army(SBFA) ကသတင်းထုတ်ပြန်ထားပါတယ်။
စပါးခင်းတွေကိုခိုးရိတ်နေချိန် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ အများအပြားဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
“ရွာသာရွာကျေးရွာကပျူရွာတွေဗျ၊ သူတို့ကကောက်ရိတ်စက်နဲ့ အနီးနားက စပါးခင်းတွေကို ပျူအင်အားအများအပြားနဲ့ခိုးရိတ်နေတာကို ဒရုန်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ” လို့ SBFA ရဲ့ တာဝန်ခံကပြောပါတယ်။
ပြည်သူပိုင်စပါးခင်းတွေကို ခိုးယူနေတာကြောင့် အကာအကွယ်ပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ShweBo Federal Army – SBFA အဖွဲ့၊ တိုက်နယ် ၂ ညီနောင်များ၊ မဟာမိတ်ဖြစ်တဲ့ဝက်လက်မြို့နယ် GHOST RIDER အဖွဲ့ ၊တိုက်နယ် ၅ နယ်မြေခံရဲဘော် အင်အားစုတွေက ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်ကလည်း SBFAနဲ့ ပူးပေါင်းအဖွဲ့တွေဟာ သီးလုံးရွာနဲ့ တည်သီးတောကျေးရွာက ပျူစောထီးတွေကို စစ်ကြောင်းနှစ်ကြောင်းခွဲကာတိုက်ခိုက်ခဲ့လို့ အနည်းဆုံးပျူစောထီးတဦး သေဆုံးခဲ့ပါသေးတယ်။