myaelatt athan

Sharing Information to the Local

မတ္တရာမှာ စစ်တပ်ကရွာကိုမီးရှို့ပြီး ဒေသခံ ၃၀ နီးပါးကိုပါဖမ်းဆီး

0
0

မန္တလေး၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၂။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝမြောက်ရွာကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာလ ၂၆ ရက်ဒီကနေ့နေ့လည် ၂ နာရီဝန်းကျင်မှာ မီးရှို့ပြီး ရွာခံ ၃၀ ဦးနီးပါးကိုလည်း ဖမ်းဆီးသွားတယ်လို့သိရပါ တယ်။

စိန်ပန်းကုန်းကျေးရွာကို မီးရှို့ခဲ့တဲ့စစ်ကောင်စီတွေဟာ တိုက်ပွဲမဖြစ်ပဲ ပိုဝမြောက်ရွာကိုဝင်ပြီး နေအိမ် ၁ လုံးကိုမီးရှို့ခဲ့တဲ့အပြင် ဒေသခံတွေကိုပါဖမ်းဆီးသွားတာဖြစ်တယ်လို့ Peacock Warrior Forceမှတာဝန် ခံက မြေလတ်အသံကိုပြောပါတယ်။

“စစ်ကောင်စီတွေက ပိုဝမြောက်ရွာက နေအိမ် တလုံးကိုမီးရှို့တယ်။ ပြီးတော့ ရွာထဲက လူကြီး၊လူငယ် ၂၀ ကျော် ၃၀ လောက်ကိုဖမ်းတယ်။ သူတို့ကို ကြိုးတုတ်ထားပြီးတော့ ရိုက်နှက်ကြတယ်။ ဖမ်းခံထားရသူတွေအကုန်လုံးက ပြည်သူတွေပါ။ နာမည်တွေမသိရသေးဘူး။ စကစတွေက သူတို့ကိုမတ္တရာဘက်ကို ခေါ်သွားတယ်” လို့ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ ရက်ညပိုင်းမှာလည်း စိန်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၂ လုံးပျက်စီးပြာကျသွားခဲ့ပြီး အဲဒီနေ့မှာပဲ ပိုဝမြောက်ရွာ၊ ပိုဝတောင်ရွာက ဒေသခံတွေဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတယ်လို့ ထောက်ပို့လုပ်ငန်းတွေလုပ်ဆောင်နေသူတဦးက ပြောပါတယ်။

“ထွက်ပြေးနေရတဲ့ဒေသခံတွေက ရွာသုံးရွာကဆိုတော့ လူဦးရေတထောင်လောက်ရှိတယ်ဗျ။ အခုအဖမ်းထိတဲ့သူတွေက ထွက်မပြေးဘဲရွာမှာကျန်ခဲ့ကြသူတွေပါ။ ထွက်ပြေးတဲ့သူတွေက အခုတော့ ဧရာဝတီမြစ်ရေခမ်းလို့ သောင်ထွန်းနေတဲ့ကုန်းတွေမှာ ကျူပင်တွေနဲ့အဆောင်တွေလုပ်ပြီးတော့ နေနေကြရတယ်” လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ ကျေးရွာတွေကိုမီးရှို့ပြီးတော့ ဒေသခံတွေကိုဖမ်းဆီးနေတာဟာ ဒီဇင်ဘာလ၂၃ ရက်က စိန်ပန်းကုန်းကျေးရွာအနီးမှာ စစ်ကောင်စီရဲ့မော်တော်ဘုတ်ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာကို အခဲမကျေတဲ့အတွက် အခုလိုလုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဒေသခံတွေကလည်း ခန့်မှန်းပြောဆိုနေကြပါတယ်။

အဲ့ဒီနေ့တိုက်ခိုက်မှုမှာ မော်တော်ဘုတ်ထဲမှာ လိုက်ပါလာတဲ့ စစ်သားတွေထဲက ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ နောက်ထပ် ၅ ဦးမှာလည်း ဒဏ်ရာပြင်းထန် ရရှိသွားခဲ့တယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။