ရွှေဘို၊ ဇွန် ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ တောင်ဘက်အထွက် မုဒ်ဦးမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းက စစ်ကောင်စီ ကင်း အဖွဲ့နဲ့ ဇွန် ၆ ရက်နေ့လယ် ၁၁ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၂ Fight For Freedom (FFF) ဆီက သိရပါတယ်။
အဆိုပါ စခန်းအတွင်းမှာ လေ့ကျင့်ရေး ၈ က စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ရှိပြီး အဆိုပါစခန်းကနေ ရွှေဘို-မန္တလေး ကားလမ်းအတိုင်း တောင်ဘက်ကိုလာတဲ့ စစ်ကောင်စီ ကင်းပုန်းအဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန် မိနစ် ၄၀ ခန့် ရှိပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တာကို သတင်းပေးတွေရဲ့ပြောပြချက်အရသိရတယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၂ Fight For Freedom (FFF) တပ်ခွဲမှူး ဘဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ စစ်ကောင်စီဘက်က ရွှေဘိုတောင်ဘက်အထွက် မုဒ်ပေါက်ကို အင်အားဖြည့်တင်းထားတယ်လို့ သူကဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၂ Fight For Freedom (FFF)၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ် ၅ ပကဖ၊ တဂဏ နဂါးမင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ခွပ်ဒေါင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ဒေါင်းအောင်လံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။
တည်းဖြတ် – HP