myaelatt athan

Sharing Information to the Local

မတ္တရာနယ်က စိန်ပန်းကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့နေ

0
0

မန္တလေး၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ၂၄ ရက်ဒီကနေ့ည ၆ နာရီ၀န်းကျင်ကစတင်ပြီး မီးရှို့နေတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာမှာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ ကြောင်းနဲ့ နေရာ ၄ နေရာခွဲကာမီးရှို့နေတာလို့ Peacock Warrior Force မှတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

“ရွာသားတွေကတော့ မနေ့ကတည်းကတိမ်းရှောင်နေကြရတယ်။ အခုဆိုရင် တရွာလုံးလောင်ကျွမ်းနေလောက်ပြီ။ စကစတွေက ဒီရွာကိုမီးမရှို့သေးခင် ရွာထဲကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရွာတန်းရှည်ရွာကို လှမ်းထုခဲ့လို့ အဲဒီရွာကနွားတွေတော်တော်များများ သေခဲ့တယ်ဗျ။ လူတွေကတော့ဘာမှမဖြစ်ခဲ့ဘူး” လို့ဆိုပါတယ်။

ဒါ့အပြင် အခုမီးရှို့နေတဲ့စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၂၃ ရက်မနေ့က စိန်ပန်းကုန်းရွာအနီးမှာ စစ်ကောင်စီမော်တော်ဘုတ်တစီး ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရပြီးနောက် မတ္တရာမြို့ကနေ ကား ၃ စီးနဲ့ရောက်ရှိလာတဲ့ တပ်သားတွေဖြစ်တယ်လို့ အထက်ပါတာဝန်ခံကပြောပါတယ်။

“မော်တော်ဘုတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အခါ စစ်ကောင်စီတယောက်သေပြီးတော့ ငါးယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်။ အဲဒါကိုမကျေနပ်လို့ စကစတွေက ကားတွေနဲ့ ရွာကိုချက်ချင်းဆိုသလိုရောက်လာခဲ့ကြတယ်။ ဒါပေမဲ့မနေ့က ရွာကိုမီးမရှို့သေးဘူး။ ဒီနေ့မှာ ထပ်ပြီးတော့ လက်နက်ကြီးတွေတင်လာတဲ့ ကားနှစ်စီးရောက်လာတယ်။ အဲဒါပြီးတော့မှရွာကိုမီးရှို့နေတာ”လို့ဆိုပါတယ်။

လက်ရှိအချိန်ထိ စိန်ပန်းကုန်းရွာအနီးမှာ စစ်ကောင်စီတပ်တွေရှိနေပြီး အိမ်ခြေဘယ်လောက်မီးလောင်ဆုံးရှုံးမလဲဆိုတာ မသိရသေးပေမယ့် မီးအားပြင်းတဲ့အတွက် တရွာလုံးနီးပါးပြာကျနိုင်တယ်လို့လည်း အထက်ပါတာ၀န်ခံက ခန့်မှန်းထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ မော်တော်ဘုတ်ကို တိုက်ခိုက်ခဲ့ပြီးနောက် စိန်ပန်းကုန်းရွာနဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီတပ်တွေရဲ့အန္တရာယ်ကနေလွတ်မြောက်အောင် လုံခြုံတဲ့နေရာတွေကို ပို့ပေးခဲ့ကြတယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။