myaelatt athan

Sharing Information to the Local

ဖောင်းကွဲရွာတိုက်ပွဲ နှစ်ဖက် ထိခိုက်သေဆုံးပြီး ပြည်သူ ၄ ဦးသတ်ခံရ

0
0

မကွေး၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ PDFတို့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးကာ ဒေသခံ ၄ ဦးကို စစ်ကောင်စီဘက်က သတ်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၃ ရက် မနက် ၁၀ နာရီလောက်မှာ ဖောင်းကွဲကျေးရွာကို ဝင်လာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ကို မြိုင် PDF တပ်ရင်း ၁ ၊ Pakokku Thurain ၊ MRTF တို့ပူပေါင်းပြီး Drone နဲ့ အီနာဂါဗုံး ၁၂ လုံးလောက်ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁ ဦးသေကာ ၄ ဦး ဒဏ်ရာရတယ်လို့ မြိုင် PDF တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။

“မနေ့ မနက်က ဒီကောင်တွေ ရွာထဲဝင်လာကတည်းက ကျွန်တော်တို့ဘက်က ဒရုန်းနဲ့တိုက်ခိုက်တာ။ အဲဒီမှာတင် ဒီကောင်တွေဘက်က ထိခိုက်သေဆုံးတာရှိတယ်။ ပြီးတော့ ဒီကောင်တွေ လာနိုင်မယ့် နေရာကနေ စောင့်တိုက်ဖို့ပြင်ထားတာ။ ကျွန်တော်တို့ဘက်ကို မရောက်လာဘဲ နောက်တဖက်ကို ရောက်သွားလို့ နောက်အဖွဲ့တွေနဲ့ တိုက်ပွဲ​ဖြစ်တာ”လို့ ပြောပါတယ်။

နေ့လည် ၁၂ နာရီကျော်ခန့်မှာ ဖောင်းကွဲရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့တွေနဲ့ ဖောင်းကွဲရွာ မြောက်ဘက်ခြမ်းမှာ PDF တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ခဲ့တယ်လို့ Royal Defence Force PKU ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မနေ့က သူတို့တွေစစ်ကြောင်းထိုးလာတာတွေ့လို့ ကျွန်တော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်တာ။ ဒါကို စက်လက်တွေနဲ့တရစပ် ပစ်ပြီးတက်လာတာ။ အင်အားမမျှလို့ ကျွန်တော်တို့ ပူး​ပေါင်းအဖွဲ့တွေဘက်က ဆုတ်ပေးလိုက်ရတယ်။ သူတို့ တက်လာတဲ့အချိန် ကျွန်တော်တို့ဘက်က ပစ်တာ စကစ ဘက်က ၄ ကောင်ကျသွားတယ်။ ကျွန်တော်တို့ဘက်ကလည်း ရဲဘော် ၂ ယောက်ကျတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ နာရီဝက်ကျော်ကြာဖြစ်ပွားခဲ့ပြီးနောက် PDF အဖွဲ့တွေက ဆုတ်ပေးလိုက်ရလို့ ကား ၂ စီး၊ ဆိုင်ကယ် ၆ စီးနဲက လက်နက်ပစ္စည်းအချို့ ကျန်ခဲ့ပြီး ကားနဲ့ဆိုင်ကယ်တွေကိုတော့ စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ဖောင်းကွဲတိုက်ပွဲမှာ PDF အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၂လက်၊ လက်လုပ်စိန်ပြောင်း ၁၆ လက်၊ ရှော့တိုက်ဒုံးစင် ၁ ခု၊ ရှော့တိုက်ဒုံးသီး ၁ လုံး၊ လက်လုပ်ဗုံးသီး ၉၄ လုံး၊ ဘတ္ထရီ ၅ လုံး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဖောင်းကွဲရွာ တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်ဟာ တောင်ရွာ ရွာကို ဝင်ပြီးမီးရှို့လို့ နေအိမ် ၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လေဖြတ်ပြီးမပြေးနိုင်တဲ့ CDM ဆရာမရဲ့ ဖခင်ဖြစ်သူ ၁ ဦး မီးထဲပါ သေဆုံးသွားတယ်လို့ သိရပါတယ်။

တောင်ရွာ ရွာကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဟာ ဖောင်းကွဲရွာကို ပြန်ဝင်ပြီး ဒေသခံ အမျိုးသား ၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ Royal Defence Force PKU ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့လို့ ဖောင်းကွဲ၊ တောင်ရွာ၊ ညောင်အုပ်ကျေးရွာအပါအဝင် ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၈ ရက်က မြိုင်မြို့နယ်၊ စိုင်းဂေါင်းကျေးရွာအနီးမှာ ရွာကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ RDF PKU ပူးပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။