myaelatt athan

Sharing Information to the Local

စစ်ကြောင်းဝင်ပြီးနောက် အမျိုးသမီး၂ ဦးပျောက်ဆုံးကာ အမျိုးသား ၃ ဦးမီးရှို့အသတ်ခံရ

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂါးဂလှော်ရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ပြီးနောက် အမျိုးသမီး၂ ဦးအပါအဝင် ဒေသခံ ၄ ဦးပျောက်ဆုံးနေကာ မီးရှို့ခံထားရတဲ့ အရိုးစုတချို့လည်းရှိနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်ကနေ ဒီကနေ့ထိပျောက်ဆုံးနေဆဲဖြစ်ပြီး ဧည့်သည်တွေစားသောက်ဖို့အတွက် ရွာဘေးက တောင်ကုန်းတခုမှာ ချက်ပြုတ်နေချိန် ခမရ-‌၃၆၈ စစ်ကြောင်းက အင်အား ၁၆၀ လောက်နဲ့ ရွာကို ရုတ်တရက်ဝင်စီးတဲ့အတွက် ပြင်ဆင်ချိန်ပြေးချိန်မရဘဲ ဖြစ်သွားခဲ့တာလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“အမျိုးသမီး၂ ဦးကတော့ အစအနကိုပျောက်နေတာ၊ အဲ့ဘက်က တောနက်လို့ ပြေးရင်းနယ်လွန်သွားတာလားတော့ မသေချာဘူး၊ အမတို့အတွေ့ကြုံအရဆိုရင်တော့ ဖမ်းသွားပြီထင်တယ်၊ ညမလေးတယောက်ဆို အမတို့ရဲဘော်နဲ့အိမ်ထောင်ကျတဲ့ ကျောင်းဆရာမလေး၊ သူတို့က မြန်မာလို ၁၃ ရက်နေ့ မင်္ဂလာဆောင်၊ စခတွေဝင်တာက ၉ ရက်နေ့ဆိုတော့၊ မင်္ဂလာပွဲပျက်တဲ့အပြင် သတိုးသမီးလေးပါ ပျောက်သွားတာပေါ့၊ သူလည်း တအားကိုစိတ်ထိခိုက်နေတယ်။”လို့ ပြောပါတယ်။

စစ်ကြောင်းထွက်သွားပြီးနောက် ရွာထဲမှာအသတ်ခံရတဲ့ ဦးရွှေဘဆိုသူရဲ့အလောင်းနဲ့ ရုပ်ဖျက်မီးရှို့ခံထားရတဲ့ အမျိုးသားအရိုးစု ၂စု တွေ့ခဲ့ပြီး၊ ဒေသခံတွေကတော့ အဆိုပါအလောင်းတွေဟာ ချက်ပြုတ်တဲ့နေရာကနေ ဖမ်းဆီးခံလိုက်ရတဲ့သူတွေဖြစ်နိုင်ပြီး အမျိုးသမီးတွေကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ဂါးဂလှော်ရွာဟာ စစ်ကောင်စီခြေမြန်တပ်ရင်းရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်ကာ မီးရှို့မှုတွေကြောင့် ဘုန်းကြီးကျောင်းနဲ့ ကျန်းမာရေးဆေးပေးခန်းအပြင် နေအိမ် ၂၃ လုံးမီးရှို့ ဖျက်ဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ လွှဲ‌‌ဆိပ်၊ လက်ခုပ်ကုန်း၊ ဘောရွာတို့ကို မီးရှို့ခဲ့တဲ့စစ်ကြောင်းဖြစ်ပြီး အခုလက်ရှိ ကန့်ဘလူရှေ့ခြမ်းက စစ်ကောင်စီဂိတ်ကြီးရှိတဲ့ ဇင်းရွာဘက်မှာရှိနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။