myaelatt athan

Sharing Information to the Local

စစ်ကောင်စီတွေမီးရှို့ခဲ့တဲ့ ရေဦးနယ်က ရွာပေါင်း ၂၃ ရွာ အကူအညီတွေလိုအပ်နေ

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

လက်ရှိဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကို နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီးတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ခုက ကျေးရွာ ၂၃ ရွာကို မီးရှို့ဖျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်း ၂ ခုကတော့ ခမရ (၃၆၃)နဲ့ ခလရ (၇၀၁) တို့ဖြစ်ကြပြီး၊ သူတို့ကခန့်မှန်းခြေ အင်းအား ၂၀၀ ကျော်လောက်နဲ့ ဒီဇင်ဘာv ၁၀ ရက်ကနေစတင်ပြီး ၂၂ ရက်အထိ ရွာပေါင်း ၂၃ ရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြတာဖြစ်တယ်လို့ ရေဦး ပကဖ/ပလဖရဲဘော် အမေ့သားက မြေလတ်အသံကို ပြောပါတယ်။

“၂၃ ရွာဆိုတော့ မီးလောင်ပြာကျသွားတဲ့နေအိမ်တွေက အိမ်ခြေတထောင်ကျော်လောက် ရှိမယ်လို့ခန့်မှန်းထားပါတယ်။ မြေပြင်အခြေအနေက မကောင်းသေးတော့ စာရင်းတိတိကျကျကိုတော့ မကောက်နိုင်သေးဘူးဗျ။ မီးရှို့ခံရတဲ့ရွာတွေက ရွာလုံးကျွတ်များတယ်။ အဲဒီမှာ အိမ်ခြေသုံးရာရှိတဲ့ရွာကြီးတွေလည်းပါတာ။ စစ်​ကောင်စီတွေက တရွာဝင်၊တရွာထွက်လှည့်ပတ်ပြီးတော့ မီးရှို့နေတာဗျ” လို့ဆိုပါတယ်။

အခုလို နေအိမ်တွေမီးရှို့ခံလိုက်ရတဲ့ ကျေးရွာ ၂၃ ရွာက ခန့်မှန်းလူဦးရေ ၅ ထောင်ကျော်ကို ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မီးရှို့မခံလိုက်ရတဲ့ ကျေးရွာသားတွေပူးပေါင်းပြီးတော့ နေထိုင်၊စားသောက်ရေးတွေကို တတ်နိုင်သလောက် ဖြေရှင်ပေးထားရတယ်လို့ ရဲဘော်အမေ့သားက ပြောပါတယ်။

“ဒေသခံတွေမှာက စားဖို့ထက်အခုလက်ရှိနေဖို့ တဲလေးတွေတောင်မရှိတဲ့သူများတယ်ဗျ။ တောင်သူတွေမှာဆိုရင်လည်း စပါးတိုက်တွေ၊ နေလှန်းထားတဲ့စပါးတွေ မီးရှို့တဲ့အထဲပါသွားတော့ ဘာမှမကျန်တော့ဘူး။ ပြီးတော့တရက်လုပ်မှ တရက်စားရတဲ့သူတွေကများတယ်။ စားဖို့အတွက်ကိုတော့ ရွာနီးစပ်တွေက ထမင်းထုပ်တွေ၊ ဆန်ပိုင်းလေးတွေ လာပေးကြပါတယ်။ အဲဒါလေးတွေနဲ့ပဲ ဖြေရှင်းနေရတာပေါ့။ အကူအညီတွေတော်တော်လည်း လိုအပ်နေပါတယ်” လို့ဆိုပါတယ်။

မီးရှို့ခံလိုက်ရတဲ့ကျေးရွာတွေကတော့ ဒီဇင်ဘာ ၁၀ ရက်မှာ ပေါက်သာ၊ ဇိန့်ဇွန်း၊ ပိဋကတ်ကျ၊ ၁၁ရက်မှာ မုတ်ဆီ၊ ၁၃ ရက်မှာ ရွာမိဿ၊ ၁၄ ရက်မှာ ချမ်းသာ၊ ကုန်းသာ၊ ရွာသစ်၊ ထန်းပင်ကုန်း၊ ၁၅ ရက်မှာ သံသည်၊ ၁၆ ရက်မှာ ဇဝ၊ ရွက်ဖိုး၊ တောင်ကုန်း၊ မဲအိုး၊ ၁၈ ရက်မှာ ချောင်းဆုံ၊ ငှက်ပျောတော၊ ကွမ်းအုံ၊ ၁၉ ရက်မှာ မကျည်းကုန်း၊ ညောင်ပင်သာ၊ ၂၂ ရက်မှာ ရွာဗုကြီး၊ ပေကုန်း၊ ကလှဇဥ်၊ ကြိုတိမ်ရွာတို့ဖြစ်ကြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။