myaelatt athan

Sharing Information to the Local

⁨ပွင့်ဖြူ၊ ရေပုတ်ကလေးရွာက အမျိုးသား ၁၂ ဦး ကို စစ်ကောင်စီတပ်ဖမ်းဆီးပြီး ၆ ဦးကို သတ်ဖြတ်

0
0

ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာခံအမျိုးသား ၁၂ ဦး ဖမ်းဆီးခံရပြီးနောက် ၆ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၅၀ ဝန်းကျင်ဟာ ရေပုတ်ကလေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကာ ရွာခံအမျိုးသား ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဲ့ဒီထဲက ၆ ဦးကို မဒဲရွာအနီးမှာ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ မျက်နှာတွေကိုဓားနဲ့မွှန်းတယ်။ လည်ပင်းကိုဓားနဲ့လှီးတယ်။ ပြီးတော့မှ မုန်းချောင်းထဲကို မျှောချလိုက်တယ်” လို့ ဖမ်းဆီးခံရမှုမှာလွတ်မြောက်လာသူတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ ရေပုတ်ကလေးရွာခံ NLD ပါတီထောက်ခံသူတွေဖြစ်တဲ့ ကိုအောင်ကျော်ဦး ၃၇ နှစ်၊ ကိုဌေးမြင့် ၆၃ နှစ်၊ ကိုစိုးနိုင် ၆၀ နှစ်၊ ကိုခင်မောင်သန်း ၅၇ နှစ်၊ ကိုမှတ်ကြီး ၅၃ နှစ်၊ ကိုလှမောင် ၆၅ နှစ်တို့ဖြစ်ကြပြီး ၎င်းတို့ထဲက ရုပ်အလောင်း ၄ ခုကို အသတ်ခံရတဲ့ နေရာအနီး မုန်းချောင်းထဲမျှောချခဲ့ကာ နောက်ထပ်ရုပ်အလောင်း ၂ ခုကို မဒဲရွာသုဿန်မှာ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မှာ ရေပုတ်ကလေးရွာခံအမျိုးသား ၆ ဦးဒဏ်ရာတချို့နဲ့ပြန်လွတ်လာပြီး ဘေးလွတ်ရာကိုထပ်မံထွက်ပြေးနေရကာ မဒဲရွာအတွင်းမှာ နောက်ထပ်စစ်ကောင်စီတပ်စစ်ကြောင်းတခုရှိနေလို့ သေဆုံးရုပ်အလောင်းတွေမကောက်ယူနိုင်သေးဘူးလို့ သိရပါတယ်။

“ လူ ၆ ဦးသတ်ခံရမှုမှာ ရေပုတ်ကလေးရွာသား ဦးသန်းအေးက အဓိကပါဝင်ပါတယ်။ သူက ရေပုတ်ကလေး ပျူစောထီးခေါင်းဆောင်ပိုင်းထဲက” လို့ အထက်ပါဒေသခံက ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်၊ စလင်း အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅၊ ကျောက်ကြီးကုန်းနဲ့ ရေပုတ်ကလေးရွာ ပျူစောထီးအဖွဲ့တွေပါဝင်တဲ့ပူးပေါင်းစစ်ကြောင်းဖြစ်ကာ လက်ရှိမှာ ကြီးအုံကြီးဝတမံကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီရော NLD ပါတီပါ အားကောင်းတဲ့ရေပုတ်ကလေးရွာဟာ အိမ်ခြေ ၂၀၀၊လူဦးရေ ၁,၀၀၀ ခန့်၊ ပျူစောထီးအင်အား ၂၅ ဦးခန့်ရှိကာ လက်ရှိမှာ ကျေးရွာအတွင်းကနေ စစ်ကြောင်းပြန်လည်ထွက်ခွာသွားပေမယ့် ယနေ့အထိ တရွာလုံးနီးပါးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။