ရွှေဘို၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပျူစောထီးနဲ့ပူးပေါင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ညောင်ကိုင်းရွာက ရဲတပ်သားတဦး လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ တောင်သူဦးကြီးများအဖွဲ့-LDF ဆီက သိရပါတယ်။
ဘက်ပြောင်းလာသူမှာ ညောင်ကိုင်းရွာမှာတပ်စွဲနေတဲ့ အသက် ၂၅ နှစ်အရွယ် ရဲတပ်သား စိန်သောင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ၎င်းတပ်စွဲနေရာကနေ ထွက်ခွာလာတာလို့ ဆိုပါတယ်။
“ သူကလည်း သတ်မှတ်ထားတဲ့ နယ်မြေတနေရာရောက်အောင်လာပြီးတော့ ကျနော်တို့ကလည်း သတ်မှတ်ထားတဲ့နေရာအထိ သွားပြီးခေါ်ထုတ်တာ။” လို့ တောင်သူဦးကြီးများအဖွဲ့-LDF တာဝန်ခံအမျိုးသမီးက ပြောပါတယ်။
ရဲတပ်သား စိန်သောင်း ဟာ ကရင်နီပြည်နယ်ဇာတိဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ရွှေဘိုမြို့ကတဆင့် ညောင်ကိုင်းရွာကိုပို့ဆောင်ခံရတာ ၁ နှစ်ခန့်ရှိပြီဖြစ်ကာ ဘက်ပြောင်းလာဖို့ ယမန်နှစ်အောက်တိုဘာလက စတင်ဆက်သွယ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဘက်ပြောင်းလာသူရဲတပ်သားနဲ့အတူ BA 94(အူဇီ)သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံးယူဆောင်လာတာကြောင့် တောင်သူဦးကြီးများအဖွဲ့-LDF က ငွေ ၁၀ သိန်းကျပ် ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ
