မန္တလေးမှာ သက်ကြီးအမျိုးသမီးတဦးတည်းရှိနေချိန် အိမ်ထဲဝင်ပစ္စည်းလု လူသတ်မှုဖြစ်

0 2
0 2

မန္တလေး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

မန္တလေး၊ အမရပူရမြို့နယ်မှာ ဒီဇင်ဘာလ ၂၂ ရက် မနေ့ည ၈ နာရီကျော်လောက်က နေအိမ်အတွင်းဝင်ရောက်ပြီး လုယက်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

အမရပူရမြို့နယ်ဝက်ကုန်းရပ်ကွက်ရှိ အသက် ၆၀ အရွယ်အမျိုးသမီးနေအိမ်မှာတဦးတည်းရှိနေချိန် လက်ဝတ်ရတနာနဲ့ ငွေသားအချို့ကို လုယက်ပြီး သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

“ကျနော်တို့ဆီကို သတိလစ်နေတဲ့လူနာတယောက်ရှိတယ်ဆိုပြီး အကြောင်းကြားလို့ ကျနော်တို့ရောက်တဲ့အချိန်မှာ လူနာအသက်မရှိတော့ဘူး သွေးတွေနဲ့ ဘေးပတ်ဝန်းကျင်ပြောတာကတော့လုယက်ခံထားရတယ် ရွှေတွေငွေတွေပါသွားတယ်လို့ပြောတယ် ရဲကတော့အတိအကျသိမှာပါ” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး)ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

အပြင်သွားနေတဲ့ မိသားစုဝင်တွေနဲ့ ပြန်ရောက်မလာခင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မန္တလေး)ရဲ့ထုတ်ပြန်ချက်မှာတော့ လုယက်သူဟာ သေဆုံးသူကို သနပ်ခါးတုံးနဲ့ထုရိုက်ပြီး သတ်သွားတာလို့ အကြမ်းဖျဉ်းသိရကြောင်း ဖော်ပြထားပါတယ်။

ဒီဇင်ဘာ – ၂၂ရက်မနေ့နေ့လယ်ကလည်း မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့အဝင်နာရီစင်အနီးက ရွှေဆိုင်တစ်ဆိုင်ကို အမျိုးသားလေးဦးက သေနတ်ပစ်ဖောက်လုယက်သွားခဲ့လို့ ရွှေ ၅၀ ကျပ်သား ထက်မနည်း ဆုံးရှုံးခဲ့ရတယ်လို့ မြို့ခံတဦးဆီက ​သိရပါတယ်။

နိုင်ငံတဝှမ်းမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဥ်ဆိုသလိုဖြစ်ပေါ်နေပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်က စစ်ကောင်စီဟာ အကျဥ်းထောင်အသီးသီးက အကျဥ်းသား ၅၇၇၄ ဦးကို လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဥ်းသား ၇၁၂ ဦးသာပါဝင်ပြီး ကျန်သူများဟာ ခိုးဆိုးလုယက်မှုအပါအဝင် ရာဇဝတ်မှုမျိုးစုံနဲ့ အကျဥ်းကျခံနေရသူတွေဖြစ်တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။