ဗန်းမောက်၊ ဇွန် ၈၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ခံ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ပြည်ထောင်စုအထူးသယံဇာတအဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းခံရသူတွေမှာ ဗန်းမောက်မြို့နယ်အထူးသယံဇာတအဖွဲ့ခေါင်းဆောင် အသက် ၄၀ ကျော်အရွယ် ဦးအာကာနဲ့ အဖွဲ့ဝင် ၄၀ ခန့်ဖြစ်ပြီး ၎င်းတို့ကို ဗန်းမောက်မြို့နယ်အတွင်းတနေရာမှာ ဇွန် ၃ ရက် ညနေ ၆ နာရီကျော်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUGMOD) လက်အောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
” ဖမ်းဆီးချိန်မှာ ဒီမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေရော အထက်ကတပ်ရင်း/ဖွဲ့တွေရော အများကြီးစုပြီးတော့ လာဖမ်းရတာ။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာ လက်နက်တွေရော၊ လူအင်အားရောရှိတော့ ပြန်ပြီးတော့ ခုခံပြီးတော့လုပ်မှာတွေဖြစ်တဲ့အတွက် လူအင်အားအများနဲ့ဖမ်းခဲ့တာ။” လို့ ဖမ်းဆီးမှုမှာပါဝင်တဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
အထူးသယံဇာတခေါင်းဆောင် ဦးအာကာနဲ့အဖွဲ့ဟာ လက်နက်အများအပြားကိုင်ဆောင်ထားတာ၊ စည်းကမ်းမလိုက်နာတာ၊ ပြည်သူတွေအပေါ် အနိုင်ကျင့်ပြီး အာဏာအလွဲသုံးစားမှုတွေလုပ်ဆောင်နေတယ်ဆိုကာ ကာကွယ်ရေးဝန်ကြီးအမိန့်နဲ့ ဖမ်းဆီးခဲ့တာလို့ ၎င်းက ဆက်ပြောပါတယ်။
အဲ့ဒီအထူးသယံဇာတအဖွဲ့ကို ဒေသခံပြည်သူတွေက တိုင်တန်းမှုတွေရှိတာကြောင့် ၂၀၂၄ ဒီဇင်ဘာလမှာ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ၂ ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာမှုမရှိခဲ့ဘူးလို့လည်း အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
ဦးအာကာနဲ့အဖွဲ့ကို ဝင်ရောက်ဖမ်းဆီးချိန်မှာ ရွှေချောင်းတွေ၊ ပီနံ(ဆာလာ)အိတ်နဲ့ထည့်ထားတဲ့ပိုက်ဆံတွေ အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ဒေသခံတွေထံကသိရပေမယ့် အသေးစိတ်ကိုတော့ မသိရပါဘူး။
ဦးအာကာဦးဆောင်တဲ့ သယံဇာတအဖွဲ့ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဗန်းမောက်ဒေသခံတဦးကလည်း အခုလို ပြောပါတယ်။
” ပြည်သူပိုင်လုပ်ကွက်တွေကို သိမ်းပြီးတော့ အစိုးရပိုင်လုပ်ပစ်တာတွေ၊ တရုတ်ကို ရောင်းစားပစ်တာတွေပေါ့။ အာဏာအလွဲသုံးစားလုပ်တာအဓိက။ ရွှေတွေဆိုရင် NUG ကို နည်းနည်းသွင်းပြီးတော့ သူ့ရဲ့ဆွေမျိုးအသိုင်းအဝိုင်းမိသားစုတွေကိုခေါ်ပြီး စီးပွားရေးလုပ်ခိုင်းတာတွေ အဲ့လိုမျိုးတွေလုပ်တာ။” လို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ်ကထွက်တဲ့ သယံဇာတတွေကို စီမံခန့်ခွဲဖို့အတွက် NUG အစိုးရ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONERC) က ၂၀၂၃ မတ်လကစတင်ကာ ဦးအာကာ ဦးဆောင်တဲ့ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့ကို ဗန်းမောက်မြို့နယ်တောင်ခြမ်းမှာ နေရာချပေးထားတာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ-NUG သတင်းထုတ်ပြန်ရေးအဖွဲ့ကို မြေလတ်အသံက မေးမြန်းခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူတွေထံ ဆက်လက်မေးမြန်းထားဆဲဖြစ်ကြောင်း၊ တာဝန်ရှိသူတွေအနေနဲ့ မြေပြင်မှာရောက်ရှိနေတာကြောင့် အဆက်အသွယ်ရရှိနိုင်ရေး ကြိုးစားနေဆဲဖြစ် ကြောင်း ပြန်လည်ဖြေကြားထားပါတယ်။
စာတည်း – ဟိန်းစံ