မန္တလေး၊ ဇွန် ၇၊ ၂၀၂၅။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၇ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားက လူစည်ကားရာနေရာမှာ အမျိုးသမီး ၁ ဦး ဓားနဲ့ခုတ်၊ ငွေလုခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၆ ရက်နေ့လယ် ၁ နာရီခန့်မှာ စစ်ကိုင်းမြို့နေ့ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးဟာ ဖြစ်စဥ်နေရာ အနီးက ငွေလွှဲဆိုင်တဆိုင်ကနေ ငွေထုတ်ပြီးအပြန်မှာ လုယက်ခံရတာလို့ ဆိုပါတယ်။
“သူက ငွေလွှဲဆိုင်ကနေ ထွက်လာတာကို ဓားနဲ့ခုတ်တာ။ ကောင်မလေးလက်မောင်းကတော့ ထုတ်ချင်းပေါက်သွားတယ်။ တရားခံကမမိသေးဘူး။ ဓားနဲ့ခုတ်သွားတဲ့သူတွေက ဘယ်နှစ်ဦးလည်းဆိုတာတော့ မသိရသေးဘူး”လို့ ဒေသခံတဦးကပြောပါတယ်။
ဓားနဲ့ခုတ်ခံရသူ အမျိုးသမီးငယ်မှာ စိုးရိမ်ရတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကို ဒေသလူမှုကူညီရေး အသင်းတွေက ပို့ဆောင်ပေးထားရပြီး လုယက်ခံရလို့ ငွေကျပ် သိန်း ၃၀ ပါသွားတယ်လို့ ဆိုပါတယ်။
ဇွန် ၇ ရက်ထိ ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသမီးငယ်က ဆေးရုံမဆင်းရသေးဘဲ ဆေးကုသမှု ဆက်လက်ခံယူနေရပေမယ့် အသက်အန္တရာယ်ကတော့မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။
ဓားခုတ်မှုဖြစ်တဲ့နေရာက ငွေလွှဲဆိုင်ရဲ့ မျက်စောင်းထိုးလောက်အနေထားသာရှိပြီး လူသွားလူလာ အမြဲတမ်းရှိနေတဲ့လမ်းဖြစ်ကာ လုယက်သူကိုလည်းမဖမ်းမိသေးဘူးလို့ ဒေသခံကပြောပါတယ်။
ဧပြီ ၂၈ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃×၁၀၄ လမ်းကြား၊ ၅၅ လမ်းပေါ်ရှိ “ရွှေဇာမဏီ”ရွှေဆိုင်ဓါးပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားကျော်ပါသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း