myaelatt athan

Sharing Information to the Local

ကားဆွဲလာတဲ့ကရိန်းယာဉ်အရှိန်လွန်ပြီး နှစ်စီးစလုံးလမ်းအောက်ထိုးကျကာ ၁ ဦးသေဆုံး

0
0

ပဲခူး၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းက ပြည်- တောင်ကုတ်ကားလမ်းမှာ ဒီဇင်ဘာလ ၂၀ ရက်က ပျက်နေတဲ့ကုန်ကားကိုဆွဲလာတဲ့ ကရိန်းကား အရှိန်လွန်ပြီး ယာဥ်နှစ်စီးစလုံးလမ်းအောက်ထိုးကျရာက ယာဥ်မောင်းတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်-တောင်ကုတ်ကားလမ်းအတိုင်း ပြည်ဘက်ကိုမောင်းလာချိန် ညောင်ကျိုးရွာအနီး ဆင်လန်တောင်ကုန်းအကွေ့နားမှာ မနေ့ညနေ ၄ နာရီလောက်က အရှိန်လွန်ကာလမ်းအောက်ဘယ်ဘက်ခြမ်းကို ထိုးကျရာက ကရိန်းယာဥ်မောင်းသေဆုံးခဲ့တာ ဖြစ်ပါတယ်။

“နောက်က NISSAN DIESEL ခြောက်ဘီးကုန်ကားက မှောက်ထားလို့ ကရိန်းနဲ့သွားဆွဲတာ အခုဖြစ်တဲ့နေရာက လေးထပ်ကွေ့ အပေါ်ဆုံးထပ်ကို ရောက်တဲ့အချိန်မှာ ကရိန်းကအရှိန်နည်းပြီး အောက်ကိုကျသွားတာ၊ အဲတော့နောက်ကဆွဲလာတဲ့ ကားပါအောက်ကိုကျပြီး ကရိန်းပေါ်ကိုပိတာမှာ ကရိန်းယာဥ်မောင်းကဆုံးသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးတဲ့ကရိန်းယာဥ်မောင်းဟာ ပြည်မြို့မှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုဇော်မြင့်ဦး ဖြစ်ပြီး သူ့ကို အေးသုခလူမှုကူညီရေးအသင်း(ဥသျစ်ပင်)၊ ပြည်မြို့ကပရဟိတပါရမီနဲ့ ကရုဏသိဒ္ဒိအသင်းတို့က ခက်ခဲစွာတူးဖော်ရှာဖွေခဲ့ရတယ်လို့ ကိုယ်တိုင်မြင်တွေ့သူ တဦးဆီက သိရပါတယ်။

ယာဥ်မတော်တဆမှုကို ပန်းတောင်းမြို့နယ်အပိုင် ဥသျစ်ပင်နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။