ပခုက္ကူမှာ တပတ်အတွင်း ၂၀ ကျော်ဖမ်းဆီးခံရပြီး ၁၀ ဦးမှာမတရားပုဒ်မတပ်ခံထားရ

0 1
0 1

မကွေး၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ တပတ်အတွင်း ပြည်သူ ၂၀ ဦးခန့် အနည်းဆုံးအဖမ်းခံနေရပြီး၊ လူမသိသူမသိ ဖမ်းဆီးခံလိုက်ရတဲ့သူတွေလည်းရှိနေတယ်လို့ ပခုက္ကူဒေသခံတွေကတဆင့် သိရပါတယ်။

ပခုက္ကူမှာ အခုနှစ်နိုဝင်ဘာလကစပြီး အဖမ်းဆီးအစစ်ဆေးတွေကြမ်းလာကာ အကြောင်းအမျိုးမျိုးနဲ့ ပြည်သူတွေဆက်တိုက်ဆိုသလိုအဖမ်းခံနေရပြီး၊ တပတ်ကိုဆိုင်ကယ်အစီး ၁၀၀ လောက် ဖမ်းဆီးခံရတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

“လူငယ် ကျား/မ ၂မျိုးလုံးကို အဓိကထားဖမ်းနေတာဗျ၊ ဆိုင်ကယ်လိုင်စင်ဘာညာမပါလို့ အဖမ်းခံရတာ တပတ်ကို အစီးရေ ၁၀၀ ၀န်းကျင်ရှိတယ်၊ အဖမ်းခံရပြီး ဖုန်းထဲနိုင်ငံရေးပါတဲ့လူကတော့ ရိုက်နှက်စစ်ခံရတယ်၊ ၁၅ရက်နေ့ကလည်း လူငယ်တယောက်ဖုန်းထဲကနေ အမေစုပုံတွေ့တာ အဖမ်းခံရတယ်၊ နိုင်ငံရေးနဲ့ဖမ်းခံထားရတာ အနည်းဆုံး ၁၀ ယောက်လောက်ရှိမယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ပြည်သူတွေကိုတော့ ရဲစခန်းထဲမှာပဲ ချုပ်ထားပြီး ညမထွက်ရချိန်လွန်လို့ အဖမ်းခံရတဲ့သူတွေကတော့ ပိုက်ဆံတောင်းသလောက်ပေးနိုင်ရင် ပြန်လွှတ်ပေးပြီး၊ နိုင်ငံရေးနဲ့ပတ်သက်တယ်၊ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အဖမ်းခံရတဲ့သူကိုတော့ မလွှတ်ပေးဘူးလို့လည်း သူကပြောပါတယ်။

“PDFနဲ့ပတ်သက်ဆက်နွယ်တယ်ဆိုပြီး အဖမ်းခံရတာတွေများတယ်၊ ဖမ်းမိသူကတဆင့် ကွင်းဆက်လိုက်ဖမ်းတာတွေရော၊ သတင်းပေးတိုင်ကြားခံရတာတွေရော၊ ခုသိရတာက မြို့ပေါ်အဖမ်းခံရတဲ့စာရင်းလောက်ပဲ၊ တခရိုင်လုံးဆိုဒီလောက်မကဘူး။” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဒီဇင်ဘာတလအတွင်း အမှတ် ၁၅ရပ်ကွက်က အမျိုးသား ၆ ဦး၊ အမှတ် ၁၄ က လူငယ် ၃ ဦး၊ အမှတ် ၃ က အမျိုးသမီးတဦးနဲ့ကလေးငယ်အပါအဝင် ၄ ဦး၊ အမှတ် ၂ က လူငယ် ၃ ဦး၊ ဆင်လမ်းရွာဂိတ်မှာ လူငယ် ၂ ဦးတို့ကိုသာသိရှိထားပြီး စာရင်းကောက်မရသေးတဲ့ဖမ်းဆီးခံရသူတွေလည်း အများကြီးရှိနေတယ်လို့ ဆိုပါတယ်။

ပခုက္ကုမှာ နယ်မြေမတည်ငြိမ်မှုတွေ၊ မကြာခဏဖမ်းဆီးစစ်ဆေးတာတွေကြောင့် ခရီးသွားလုပ်ငန်းတွေ အရင်လိုမတွင်ကျယ်တော့ဘဲ လူငယ်အများစုက ဖားကန့်ဘက်မှာ ကျောက်တူး၊ ရွှေဖော်လုပ်ဖို့သွားကြသလို၊ ပြည်ပထွက်သူတွေ၊ တခြားမြို့မှာသွားရောက်လုပ်ကိုင်သူတွေ များလာတယ်လို့လည်း သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။