myaelatt athan

Sharing Information to the Local

CDM ဝန်ထမ်းတွေ ဘဝနေထိုင်မှုခက်ခဲနေပြီး အချို့က ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာနေ

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

မကွေးတိုင်းနဲ့ ပဲခူးတိုင်းထဲက CDM လုပ်ထားတဲ့ ဝန်ထမ်းတွေအနေနဲ့ ရှေ့ဆက်ရပ်တည်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စားဝတ်နေရေးအတွက် ကျောက်ကပ်ထုတ်ရောင်းဖို့အထိတောင် စဥ်းစားလာကြတယ်လို့ သိရပါတယ်။

စစ်တပ်ကအာဏာသိမ်းတာကို လက်မခံကြတဲ့ဝန်ထမ်းတွေဟာ အကြမ်းမဖက် တော်လှန်တဲ့နည်းလမ်းနဲ့ CDM လုပ်ခဲ့ကြပေမယ့် အခုအချိန်မှာ အကူအညီမဲ့နေပြီး စားဝတ်နေရေးအတွက် အဆင်မပြေကြတော့ဘူးလို့ CDM အရေးကူညီနေသူတဦးက ပြောပါတယ်။

“အခုအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးကိုပဲ လူတွေကအာရုံစိုက်နေကြတော့ CDM တွေရဲ့ဘဝက အမေ့လျော့ခံဖြစ်လာကြတယ်။ တချိန်ကတော့ ရုံးမသွားတဲ့ဝန်ထမ်းတွေအိမ်မှာနေပါ၊ ဇိမ်နဲ့ဇိမ်နဲ့ဆိုတဲ့ စကားတွေ၊ ပြည်သူတွေက ကျွေးထားမှာဗျဆိုတဲ့စကားတွေက လေထဲမှာ ပျောက်သွားပြီ။ ဘယ်သူမှ သတိမရကြတော့ဘူး။ ခုချိန်ထိ CDM ဝန်ထမ်းတွေက သူတို့ဘဝရပ်တည်ဖို့ ကြိုးစားကြပေမယ့် ဘက်ပေါင်းစုံက အတိုက်အခိုက်တွေကြောင့် စားဝတ်နေရေးအဆင်မပြေကြဘူး”လို့ ပြောပါတယ်။

CDM အရေးကူညီနေသူတွေအနေနဲ့လည်း ပြည်သူတွေရဲ့ထောက်ပံပေးမှုနည်းလာလို့ CDM ဝန်ထမ်းအများစုရဲ့ အကူအညီတောင်းခံမှုတွေကို မကူညီနိုင်တော့တဲ့အနေအထားရှိလာနေတယ်လို့လည်း ဆိုပါတယ်။

ကူညီပေးသူတွေအနေနဲ့လည်း လက်ရှိအချိန်ထိ CDM ၁၀၀ ဦးဝန်းကျင်လောက်ကို ကူညီထောက်ပံ့ပေးခဲ့ပြီး လစဥ်ထောက်မှုမျိုးတော့မလုပ်ပေးနိုင်ဘူးလို့လည်း သိရပါတယ်။

“ကျနော်အသိ ပညာရေး CDM ဝန်ထမ်းတဦးဆို အလုပ်အကိုင်က အဆင်မပြေတဲ့ကြားထဲ ကျန်းမာရေးကမကောင်းတော့ ကြံရာမရတဲ့အဆုံး ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာတယ်။ အဆက်အသွယ်ရှိရင် ချိတ်ပေးပါလားဆိုတာထိ ဖြစ်လာတယ်။ ကျနော်ကိုယ်တိုင်လည်း ပညာရေး CDM ဝန်ထမ်း။ စကစ ကို တော်လှန်နေတဲ့သူဆိုတော့ သူတို့အတွက် ကူညီပေးနိုင်တဲ့ အင်အားမရှိဖြစ်နေတယ်”လို့ CDM ဝန်ထမ်းတဦးကပြောပါတယ်။

CDM ဝန်ထမ်းတွေအနေနဲ့ ဘဝရပ်တည်ဖို့အတွက် ကြုံရာအလုပ်လုပ်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြပေမယ့် စစ်ကောင်စီလက်အောက်ခံအချို့ရဲ့ ခြိမ်းခြောက်မှု၊ အလုပ်ရှင်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် စားဝတ်နေရေးအဆင်မပြေကြဘူးလို့ ဆိုပါတယ်။

အဲဒီအပြင် CDM လုပ်ထားလို့ နေရပ်မှာမနေရဲဘဲ ရွေ့ပြောင်းနေထိုင်နေရတာကြောင့် အပိုကုန်ကျငွေတွေရှိနေတဲ့အတွက် ပိုပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။

မကွေးနဲ့ပဲခူးတိုင်းထဲမှာ ပညာရေးဝန်ထမ်း CDM တွေက အများဆုံးဖြစ်ပြီး၊ CDM ဝန်ထမ်း ထောင်ချီရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။