myaelatt athan

Sharing Information to the Local

အကျဉ်းသူတွေကိုအဓမ္မပြုကျင့်မှုနဲ့ တာဝန်ရပ်နားခံထားရတဲ့ ကန့်ဘလူပအဖတာဝန်ခံ ထွက်ပြေးလွတ်မြောက်နေ

0
0

ကန့်ဘလူ၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပလဖအချုပ်စခန်းတခုမှာ ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ ရာထူးကနေယာယီရပ်နားခံထားရတဲ့ ကန့်ဘလူခရိုင်နဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးမဲခေါင် ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၂ရက် မနေ့နေ့လယ်ပိုင်းမှာ ရာထူးမှယာယီရပ်နားပြီးနောက် အကျယ််ချုပ်အဖြစ်ထားရှိတဲ့နေရာကနေ ၎င်းနဲ့အတူ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုမှာပါဝင်သူတဦးလည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“ အောင်ဇေယျလည်း ပါသွားတယ်။ အကျယ်ချုပ်ပုံစံမျိုး ဒီတိုင်းပဲလွှတ်ထားတာ။ ခုကျတော့အပေါ်ကနေ ဖမ်းမိန့်ကျလာတယ်။ ကျလာတော့ လိုက်သွားတာ ဟိုကျတော့ ၂ ယောက်လုံး မရှိတော့ဘူး၊ အခုထိ မမိသေးဘူး။ ကျနော်ထင်တာတော့ အပေါ်ကဖမ်းမိန့်ကျတယ်ဆိုထဲက ကြိုတင်ရှောင်ဖြစ်သွားတာထင်တာပဲ။ ဒီလောက်မြန်မြန်ရှောင်နိုင်တာက။”လို့ ကန့်ဘလူအခြေစိုက် PDFတပ်ရင်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ် ပလဖလက်အောက်အချုပ်ခန်းတွေက အချုပ်သူအမျိုးသမီးတွေကို ပသုံးလုံးခေါင်းဆောင်တွေက လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်းနဲ့ အဆိုပါကျူးလွန်မှုတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တာဝန်ခံရမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း သတင်းမီဒီယာတွေမှာ သတင်းဆောင်းပါးဖော်ပြခံခဲ့ရပြီးနောက် NUG ဘက်က ကန့်ဘလူပအဖတာဝန်ခံနဲ့ အဖွဲ့ဝင် ၃ ဦးကို ရာထူးက ယာယီရပ်နားခဲ့တာပါ။

သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ကန့်ဘလူခရိုင်နဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးမဲခေါင်၊ ပလဖစခန်းမှူးဟောင်း ဦးရဲရင့်၊ ပလဖစစ်ရေးပြသင်တန်းမှူး ဦးအာကာနဲ့ ဦးရဲရင့်နေရာမှာ အစားထိုးရောက်လာတဲ့ စခန်းမှူး ဦးအောင်ဇေယျတို့ ၄ ဦးဟာ ၂၀၂၃ နဲ့ ၂၀၂၄ အတွင်း ပလဖအချုပ်ခန်းတွေအတွင်း ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသူအမျိုးသမီး ၄ ဦးကို လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ဗဟိုတိုင်ကြားစာကော်မတီကနေ အွန်လိုင်းကတဆင့်စစ်ဆေးခဲ့သလို မြေပြင်မှာလည်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ရဲချုပ်ကိုယ်တိုင် စစ်ဆေးဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဉ်မှာ သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုခဲ့ပါတယ်။

ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးမဲခေါင်နဲ့ အဖွဲ့ဝင် ၃ ဦးကို တာဝန်ကယာယီရပ်ဆိုင်းထားသလို နစ်နာသူ အချုပ်သူအမျိုးသမီးတွေကိုလည်း လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းပေးထားတယ်လို့ အဲ့ဒီနေ့ အစီအစ​ဉ်မှာ ပြောဆိုထားပါတယ်။

မြေပြင်ရဲဘော်နဲ့ ပြည်သူတချို့ကလည်း ဦးမဲခေါင် ထွက်ပြေးလွတ်မြောက်သွားတာဟာ မှန်ကန်ပြီး နယ်မြေခံအဖွဲ့အစည်းတွေက ပြန်လည်ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

“သက်ဆိုင်ရာတွေ အဖွဲ့အစည်းတွေရော အသိပေးထားပြီးတော့ တွေ့တဲ့နေရာမှာ ထိန်းသိမ်းဖို့တော့လုပ်နေကြတယ်၊ လောလောဆယ်ထိတော့ မမိသေးပါဘူး။”လို့ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံတဦးက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။