ပဲခူး၊ ဇွန် ၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပဲခူးမြို့မှာ အသက် ၁၃ နှစ်အရွယ်ကျောင်းသားကိုသတ်မှုနဲ့ ပဲခူးမြို့ အမှတ် ၂ ရဲစခန်းမှာ ဖမ်းဆီးခံထားသူ ၂ ဦးထဲက ၁ ဦးသေဆုံးသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ် နိုင်အောင်ဖြိုးဆိုသူဖြစ်ပြီး ဇွန် ၁ ရက် မနက်အစောပိုင်းမှာ ပဲခူးဆေးရုံမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
“နေ့ခင်းကတည်း **ပန်းတာ၊ မကောင်းတော့ညဘက် အသဲအသန်ဖြစ်လို့ဆေးရုံတင်တယ်။ ဆေးရုံတင်တော့ ဆေးရုံကဆေးထိုးပေးပြီး စခန်းပြန်လွှတ်တော့မရဘူး။ ဆေးရုံပြန်တင်တော့ မနက် ၅ နာရီလောက်ဆုံးသွားတာ”လို့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးသူ နိုင်အောင်ဖြိုးရဲ့ အလောင်းကိုတော့ ဇွန် ၁ ရက်ညနေပိုင်းက ပဲခူးသုသာန်မှာ မိသားစုတွေနဲ့အတူ သင်္ဂြိုဟ်လိုက်ကြတယ်လို့ ဆိုပါတယ်။
ကိုနိုင်အောင်ဖြိုး သေဆုံးတာနဲ့ပတ်သက်ပြီး ရဲတွေဘက်က စစ်ဆေးမှုပြုလုပ်ရင်း လက်လွန်သေဆုံးတာလို့ သတင်းတွေလည်းထွက်ပေါ်နေပေမယ့် မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေး ပါဘူး။
ကိုနိုင်အောင်ဖြိုးနဲ့ ကျော်ကြီးဆိုသူ ၂ ဦးဟာ မေ ၂၀ ရက်မှာ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ၃ လမ်းနေ အသက် ၁၃ နှစ်အရွယ် မောင်သက်မင်းနိုင်ကို မြို့ထဲကနေဖမ်းဆီးသွားပြီးနောက် ပဲခူးမြို့၊ မဇင်းဆည်အနီးမှာ ခြေလက်ကြိုးတုပ်ပြီး မြွေရေခွံအိတ်နဲ့ ခေါင်းကိုစွပ်သတ်ခဲ့တာပါ။
အဲ့ဒီနောက် မေ ၂၃ ရက်မှာ သူတို့နေအိမ်တွေကနေ ရဲတွေကဖမ်းဆီးခဲ့ပြီး အမှတ် ၂ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ ၃၆၄ တို့နဲ့အမှုဖွင့်ထားပြီး ဖမ်းဆီးချုပ်နှောင်ခံထားရတာလည်း ဖြစ်ပါတယ်။
စာတည်း – လင်း