myaelatt athan

Sharing Information to the Local

အင်းတော်မှာ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄၀ ဦးဝန်းကျင်သေဆုံးနိုင်

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ညောင်ကုန်း၊ ဂျုံးဂျုံးဂျ၊ ပိန်းအင်း စတဲ့ရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF၊ အင်းတော် PDFပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကအကျဆုံးများလို့ တပ်ကူတွေရောက်နေတယ်လို့ သိရပါတယ်။

ထီးချိုင့်ဘက်ကတက်လာတဲ့ အင်အား ၇၀ လောက်ရှိတဲ့စစ်ကြောင်းနဲ့ ဒီဇင်ဘာလ ၁၆ ရက်မနက် ၇ နာရီခွဲကနေ တိုက်ပွဲစတင်နေခဲ့ပြီး ၁၇ ရက်၊ ၁၈ ရက်မနေ့ကထိ ဆက်တိုက်ထိတွေ့မှုတွေဖြစ်ခဲ့ပြီး မနေ့ကနေ့လည်ပိုင်းမှအပစ်ရပ်သွားကာ ဒီကနေ့လည်း တိုက်ပွဲထပ်ဖြစ်နိုင်လို့ အသင့်အနေထားနဲ့‌စောင့်ကြည့်နေတယ်လို့ အင်းတော် PDF ရဲဘော်တဦးက ပြောပါတယ်။

“ထီးချိုင့်လိုပဲ မီးပတ်ရှို့မယ်ကြားထားလို့ ပြည်သူတွေကိုကြိုရှောင်ခိုင်းထားတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကရွာနားမှာ မဖြစ်ဘူး၊ ရွာထဲမှာမဖြစ်ဘူး၊ သူတို့က တိုက်ပွဲမဖြစ်ဘဲမီးစရှို့တော့ မထူးတော့ဘူးဆိုပြီး ရွာထဲဝင်ပစ်တာ။ တိုက်ပွဲပထမဆုံးစဖြစ်တာ အင်အား၇၀ နဲ့၊ နှစ်ရက်အတွင်း အဲ့ ၇၀ က ၃၀လောက်ပဲကျန်တယ်။ တိုက်ပွဲဖြစ်ပြီး‌တော့ ကျနော်တို့က မှန်ဘီလူးနဲ့ကြည့်နေတာပေါ့။ သူတို့က လယ်ကွင်းထဲကနေ သေတဲ့ဟာတွေကို ဂျုံးဂျုံးဂျရွာထဲကိုထမ်းသယ်နေကြတာ”လို့ ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ ဦးဝန်းကျင်သေဆုံးပြီး၊ ကာကွယ်ရေးရဲဘော်တွေဘက်က ၁ ဦး ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာရခဲ့လို့ ဆေးကုသ‌မှုခံယူနေရကာ လက်ရှိသတိပြန်လည်ပြီးစကား‌လည်းပြောနိုင်ကာ အခြေနေသက်သာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီ ၃ ရက်အတွင်း စစ်ကောင်စီဘက်ကမီးရှို့လို့ ဂျုံးဂျုံးဂျရွာသစ်က နေအိမ် ၆ လုံး၊ စားသောက်ဆိုင်၂ ဆိုင်၊ ဂျုံးဂျုံးဂျရွာမက နေအိမ် ၁၁ လုံး၊ မအူကုန်းရွာက နေအိမ်အလုံး ၂၀နဲ့ ပိန်းအင်းရွာက နေအိမ် ၁ လုံး မီးရှို့ခံထားရတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၁၂ ရွာက ပြည်သူ ၅၀၀၀ ကျော်စစ်ရှောင်နေရပြီး၊ စစ်ကောင်စီစစ်ကြောင်းကတော့ ပိန်းအင်းရွာထဲမှာကျန်ရှိနေတဲ့ ပြည်သူ ၁၀ ယောက်ကျော်ကိုခေါ်ကာ ပိန်းအင်းရွာဘုန်းကြီးကျောင်းထဲမှာပဲ တပ်စွဲထားတယ်လို့ သူကဆက်ပြောပါတယ်။

ခုလက်ရှိ ထီးချိုင့်ကနေ စစ်ကောင်စီအင်အား ၂၀၀ လောက်ထပ်တက်လာပြီး အင်းတော်မြို့နယ်ထဲက ကျောင်းကုန်း၊ လယ်ပြင်၊ မအူကုန်းစတဲ့ရွာတွေမှာ တပ်ဖြန့်ထားတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။