ညောင်ဦးမှာ ရှင်ပြုပွဲကိုစစ်ကောင်စီတပ်ဝင်စီးပြီး ရွာခံ ၁၀ ဦးကိုဖမ်းဆီး

0 4
0 4

ညောင်ဦး၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြောင်ကျေးရွာက ရှင်ပြုအလှူပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ရွာခံ ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ကျေးရွာနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်မနက် ၈ နာရီခန့်မှာ ညောင်ဦးမြို့ဘက်ကနေ အင်အား ၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြောင်ကျေးရွာမှာပြုလုပ်နေတဲ့ ရှင်ပြုအလှူပွဲကိုရောက်လာပြီး အလှူရှင်တွေအပါအဝင် ရွာခံ ၁၀ ဦးကျော်ကို ကျေးရွာဘုန်းကြီးကျောင်းထဲကို ဖမ်းခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့(စကစ)ရောက်တဲ့အချိန် အလှူမှာက တရားနာနေချိန်။ တရားနာနေတဲ့သူကော ဘုန်းကြီးတွေကော ဘုန်းကြီးကျောင်းထဲ ခေါ်သွားတယ်။ တရားပွဲတောင်မပြီးသေးဘူး။ အချို့လည်း ထွက်ပြေးကြတယ်။ အချို့လည်းပါသွားတယ်။ ၁၂ ဦးလောက်ပါသွားတာ။ “လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ အလှူရှင်လင်မယားဖြစ်တဲ့ ဦးပေါ်လာနဲ့ ဒေါ်ယဉ်မင်းသူတို့အပါအဝင် အလှူရှင်နဲ့ ပတ်သက်တဲ့ ဆွေမျိုး အမျိုးသား ၁၀ ဦးကို ဘုန်းကြီးကျောင်းထဲဖမ်းခေါ်သွားပြီးနောက် ၁ နာရီခန့်အကြာမှာတော့ အလှူရှင်လင်မယားကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ အသက် ၃၈ နှစ်အရွယ် ဦးဇော်ဦး၊ အသက် ၄၀ အရွယ် ဦးညိုဝင်း၊ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ကြိုင် အပါအဝင် အမျိုးသား ၁၀ ဦးကို ခေါ်ဆောင်ပြီး ညောင်ဦးဘက်ကို ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ကျေးရွာထဲကိုဝင်လာချိန်ကတည်းက သေနတ်တွေပစ်ဖောက် ဝင်ရောက်လာတာဖြစ်ပြီး ရွာခံတွေကို ဘာအကြောင်းကြောင့် ဖမ်းဆီးသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေက PDF တွေနဲ့ပတ်သက်သူတွေမဟုတ်ဘဲ သာမန်ရွာသားတွေဖြစ်ကာ ဖေဖော်ဝါရီ ၂၆ ရက် ဒီမနက်ပိုင်းထိတော့ ပြန်လွတ်လာတာမရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်နဲ့ ကြအူကျေးရွာတွေက ဒေသခံ အမျိုးသား ၁၁ ဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေက နေအိမ်တွေပေါ်ထိတက်ဖမ်းပြီး စစ်မှုထမ်းအတွက် ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။