myaelatt athan

Sharing Information to the Local

တိုက်ပွဲကြောင့် မောင်တောမှကျေးရွာ ၇ ရွာခန့်ပိတ်မိနေ၍ စားနပ်ရိက္ခာများအခက်ကြုံနိုင်

0
0

မြေလတ်အသံ၊ သြဂုတ် ၃၀၊ ၂၀၂၂။

ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ အကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်ရှိ ကျေးရွာ ၇ ရွာခန့်မှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ချိန် မရလိုက်သဖြင့် ပိတ်မိနေကြောင်း ဒေသခံများထံက သိရသည်။

ပိတ်မိနေကြသည့်ကျေးရွာများမှာ အောင်သပြေ၊ ဗန္ဓုလ၊ အောင်ချမ်းသာ၊ ဝေလာတောင်၊ ဒုံးညို၊ တပ်ချောင်း၊ တောင်လုံးရွာ တို့ဖြစ်ပြီး ယနေ့ဩဂုတ် ၃၀ရက်နေ့အထိ ပိတ်မိနေဆဲဖြစ်ကာ ဩဂုတ်လ ၂၆ ရက်နေ့ က တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်တာက ကားလမ်းမှာဖြစ်ကြတာ။ အဲဒီဖက်မှာက ကားလမ်းတလမ်းဘဲရှိတာ။ ပိတ်မိနေကြတာက သွားဖို့၊ လာဖို့အတွက် ဆိုင်ကယ်၊ ကားတွေမရှိလို့ပါ။ ဆိုင်ကယ်ရှိတဲ့သူတွေကတော့ ဘေးလွတ်ရာကိုသွားလို့ရောက်ခဲ့ကြတာပေါ့။ အရင်တုန်းက(တိုက်ပွဲမဖြစ်ခင်)ဆိုရင် ခရီးသည်တင်ကားတွေက တရက်မှာကားနှစ်စီး ထွက်ပါတယ်။အခုက အဲဒီကားမထွက်တာ တလကျော်လောက်ရှိပါပြီ။ အဲဒါကြောင့်မလို့ ဒေသခံတွေ ပိတ်မိကျန်ခဲ့ကြတာပါ” ဟု ထွက်ပြေးတိမ်ရှောင်နေသည့် မင်းခမောင်းကျေးရွာသားတဦး ကဆိုသည်။

ယင်းအပြင် ပိတ်မိနေခဲ့သည့် ကျေးရွာများမှာ စစ်ကောင်စီလက်အောက်ခံ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (န.တ.လ) မှပေးသည့် ကယ်ဆယ်ရေးဆန်ဖြင့် စားသောက်နေကြရခြင်းဖြစ်သဖြင့် လက်ရှိတွင် ကယ်ဆယ်ရေး‌ပေးမရ၍ စားနပ်ရိက္ခာနှင့် ကျန်မာရေးအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်လျှက် ရှိနေကြမည်ဟု ဘေးလွတ်ရာသို့ရောက်ရှိနေသည့် ခမောင်းဆိပ်ကျေးရွာသားတဦးက ပြောသည်။

“နတလက အဲဒီရွာတွေကို တလမှာတကြိမ်ဖြစ်ဖြစ်၊ နှစ်ကြိမ်ဖြစ်ဖြစ် ကယ်ဆယ်ရေးတွေပေးကြတယ်။အခုက တိုက်ပွဲဖြစ်လို့ကားလမ်းကို စစ်ကောင်စီကပိတ်ထားတယ်။ ဘယ်ကားမှသွားလာလို့မရဘူး။ ကျနော်တို့ထွက်ပြေးလာတဲ့ ၂၅ ရက်နေ့ကတောင် ရွာမှာဆန်တွေမရှိတော့ဘူး။ တမိသားစုစာညဆန်တအိမ်ဘဲကျန်ခဲ့တယ်။ အခုက ပိတ်နေတာ ၅‌ ရက်ရှိနေပြီလေ။ ငတ်ပြတ်လို့ရှိနေကြတော့မယ်”ဟု ရွာသားတဦးကဆိုသည်။

လက်ရှိတွင် ပိတ်မိကျန်ခဲ့သည့်ကျေးရွာများသို့ ဖုန်းဆက်သွယ်၍မရတော့သည်မှာ ယနေ့နှင့် ဆိုလျှင် ၅ ရက်ရှိနေပြီဖြစ်ပြီး၊ ဖုန်းဆက်သွယ်၍မရခြင်းမှာ တိုက်ပွဲအတွင်းတိုင်ဝါတိုင်များမှာ လက်နက်ကြီးထိမှန်ကာ ပျက်စီးသွားခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်နေ့တွင် ခမောင်းဆိပ်ကျေးရွာအနီးရှိ နယ်ခြားစောင့်စခန်းအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ရာ ကျေးရွာသားများမှာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။